ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) အတွင်း ရင်းနှီးမြှုပ်နှံလိုသူများ လာမည့် ဇန်နဝါရီ ၂၀ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် မြေကွက်များလျှောက်ထားနိုင်

ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) အတွင်း ရင်းနှီးမြှုပ်နှံလိုသူများ လာမည့် ဇန်နဝါရီ ၂၀ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် မြေကွက်များလျှောက်ထားနိုင်
ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-KMIC)
ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-KMIC)
Published 15 December 2020
ဇေယျာငြိမ်း

ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) အတွင်း ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် လာမည့် ဇန်နဝါရီ ၂ဝရက်မှစတင်၍ အွန်လိုင်းစနစ်ဖြင့် မြေကွက်များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Korea-Myanmar Industrial Complex (KMIC) က ထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံလိုသူများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှစတင်၍ မြေကွက်များအတွက် လျှောက်ထားနိုင်ကြောင်း၊ ယင်းကဲ့သို့လျှောက်ထားရာတွင် KMIC Online Land Reservation System ဖြင့် လျှောက်ထားရမည်ဖြစ်သည်။

လက်ရှိကာလတွင် COVID-19 ကပ် ရောဂါဖြစ်ပွားနေခြင်းကြောင့် အွန်လိုင်းမှတစ်ဆင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများဖြင့် ပြည့်စုံစွာတင်ပြရမည်ဖြစ်သည်။

တင်ပြလာသည့် လျှောက်လွှာများကို KMIC ၏ တာဝန်ရှိသူများက သုံးသပ်စိစစ်မည်ဖြစ်သည်။ ယင်းသို့ စိစစ်ပြီးသော လျှောက်လွှာများကို နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်များ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) တည်ဆောက်ရေးလုပ်ငန်းများကို ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားထားသည်။

လက်ရှိတွင် KMIC စက်မှုဇုန်စီမံကိန်းအတွက် အသေးစိတ်ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများပြီးစီး၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်နိုင်ရန် စီစဉ်ထားပြီး KMIC စက်မှုဇုန်စီမံကိန်းအတွက် လိုအပ်မည့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ်ဓာတ်အားပေးရေးတို့ကို စက်မှုဇုန်ဝင်းပြင်ပသို့ အရောက်တည်ဆောက်ပေးရန် အစီအစဉ်များ ပါရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အာဆီယံဒေသတွင်းရှိ အခြားသော နိုင်ငံတကာစက်မှုဇုန်များအား ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုဇုန်တစ်ခုဖြစ်လာစေရန် အခြေခံအဆောက်အအုံပိုင်းသာမက ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအတွက် ထိရောက်သည့် ဝန်ဆောက်မှုပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Korea-Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧကပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အစိုးရအဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation (LH) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။

“ ဒီစီမံကိန်းမှာက ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖက်စပ်ရင်းနှီးမြှုပ်နှံကာ Developer အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားထားသည်။ အဆိုပါစက်မှုဇုန်စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာသန်း ၁၂၀ ကျော် ရှိသည်။ လာမည့် ၂၀၂၅ ခုနှစ်တွင် အပြီးဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent