ပညာရေးဦးစီးဌာန တင်ဒါယှဉ်ပြိုင်သည့် ကုမ္ပဏီခြောက်ခုကို ပါတီဝန်းရံသူများဟု ထောက်ခံပေးသည့် NLD ပါတီ ထန်တလန်မြို့နယ်ပါတီဥက္ကဋ္ဌ နုတ်ထွက်စာတင်

ပညာရေးဦးစီးဌာန တင်ဒါယှဉ်ပြိုင်သည့် ကုမ္ပဏီခြောက်ခုကို ပါတီဝန်းရံသူများဟု ထောက်ခံပေးသည့် NLD ပါတီ ထန်တလန်မြို့နယ်ပါတီဥက္ကဋ္ဌ နုတ်ထွက်စာတင်
Published 15 December 2020
ဉာဏ်လင်းထွန်း

■ အဆိုပါဖြစ်စဉ်တစ်ခုလုံးကို နိုင်ငံရေးအရ ပြန်လည်စိစစ်နေဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးအတွက် ဝန်းရံကူညီသူများ ဖြစ်ကြောင်း ကုမ္ပဏီခြောက်ခုကို ထောက်ခံပေးခဲ့သည့် ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစီဇာကျုံးသည် ပါတီမှ နုတ်ထွက်စာတင်ထားကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က အတည်ပြုသည်။

ချင်းပြည်နယ် ပညာရေးဦးစီးဌာနမှ ဖွင့်လှစ်မည့် တင်ဒါများတွင် ပါဝင်ယှဉ်ပြိုင်သည့် ကုမ္ပဏီခြောက်ခု၏ ပိုင်ရှင်များမှာပါတီ အောင်နိုင်ရေး ဝန်းရံကူညီသူများဖြစ်သည်ဟု ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားသည့် စာတစ်စောင် နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် အွန်လိုင်းပျံ့နှံ့ခဲ့သည်။

အဆိုပါဖြစ်စဉ် အသေးစိတ်ကို ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးပြီး NLD ပါတီဗဟိုထံတင်ပြထားချိန် ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ ကျွန်တော်တို့ကတော့ အဲဒီဖြစ်စဉ်တစ်ရပ်လုံးကို နိုင်ငံရေးအရ ပြန်လည်ပြီးစိစစ်နေပါတယ်။ သူ့ရဲ့နုတ်ထွက်စာကိုတော့ လက်မခံသေးပါဘူး” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ပြည်နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဖြစ်စဉ်အပေါ် ဥပဒေအရသာ စစ်ဆေးထားပြီး ပါတီဗဟိုက ဥပဒေအခြင်းအရာနှင့် နိုင်ငံရေးဖြစ်စဉ် နှစ်ခုလုံးကိုစဉ်းစားသည်ဟု ၎င်းက ဆိုသည်။

တင်ဒါယှဉ်ပြိုင်သည့် ကုမ္ပဏီများကို ထောက်ခံချက်ပေးခဲ့သည့် ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌသည် ယင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည်။

ထန်တလန်မြို့နယ်ဥက္ကဋ္ဌ ဖြစ်စဉ်အပေါ် နိုင်ငံရေးအရစိစစ်ရခြင်းမှာ တိုင်းရင်းသားနယ်မြေ ဖြစ်သောကြောင့်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခြင်းကြောင့် မဟုတ်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

“ ကျွန်တော်တို့ကစည်းကမ်းထိန်းက အရေးယူတဲ့အခါမှာ တိုင်းရင်းသားတွေဆိုရင် အမြဲတမ်း ပြန်ပြန်ပြီးတော့ ထည့်သွင်းစဉ်းစားပါတယ်ခင်မျ။ တိုင်းရင်းသားတွေ နယ်တွေမှာ။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ထုံးစံပါပဲ” ဟုဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌ လက်မှတ်ပါ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့် စာတွင် တင်ဒါယှဉ်ပြိုင်မည့် ကုမ္ပဏီခြောက်ခု၏ အမည်နှင့် တင်ဒါ အမှတ်စဉ်များကိုဖော်ပြထားကာ အဆိုပါ ကုမ္ပဏီပိုင်ရှင်များသည် ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဝန်းရံကူညီသူများဖြစ်ကြောင်း တင်ပြအစီရင်ခံပါသည်ဟု ရေးသားထားသည်။

ကနေဦးစစ်ဆေးတွေ့ရှိချက်များအရ ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌသည် အဆိုပါထောက်ခံစာအတွက် မြို့နယ်ပါတီအလုပ်အမှုဆောင်အစည်းအဝေး ခေါ်ယူခြင်းမရှိဘဲ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

NLD ပါတီ ချင်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကလည်း ပြည်နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီအဖွဲ့ခေါင်းဆောင်များ အားလုံးထံ အနှောင်အဖွဲ့ပါနိုင်သည့် မည်သည့် ရန်ပုံငွေမျိုးကိုမဆို လက်ခံခြင်းမပြုရန် ညွှန်ကြားထားကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် ပြည်နယ် အစိုးရအနေဖြင့်လည်း ယခုဖြစ်စဉ်ပါ တင်ဒါရောင်းချမှုနှင့်ပတ်သက်၍ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီသာ စနစ်တကျ ဆောင်ရွက်သွားရန် မိမိတို့အနေဖြင့် သဘောထားရှိကြောင်း ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent