ပြည်တွင်းအထည်ချုပ်စက်ရုံ ငါးရုံခန့်က PPE ဝတ်စုံများ စတင်ချုပ်လုပ်နေပြီး ပြည်ပတင်ပို့ နေသော်လည်း ကမ္ဘာ့ PPE စျေးကွက်၏ ရာခိုင်နှုန်း ၇၀ ကို တရုတ်နိုင်ငံက ရရှိထားသဖြင့် စျေးကွက်ရှာဖွေရန် အခက်အခဲ ဖြစ်နေ

ပြည်တွင်းအထည်ချုပ်စက်ရုံ ငါးရုံခန့်က PPE ဝတ်စုံများ စတင်ချုပ်လုပ်နေပြီး ပြည်ပတင်ပို့ နေသော်လည်း ကမ္ဘာ့ PPE စျေးကွက်၏ ရာခိုင်နှုန်း ၇၀ ကို တရုတ်နိုင်ငံက ရရှိထားသဖြင့် စျေးကွက်ရှာဖွေရန် အခက်အခဲ ဖြစ်နေ
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
Published 11 December 2020
နီလာ

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံငါးရုံခန့်က PPE ဝတ်စုံများ စတင်ချုပ်လုပ်နေပြီး ပြည်ပတင်ပို့နေကြောင်း၊ သို့သော်လည်း ကမ္ဘာ့ PPE စျေးကွက်၏ ရာခိုင်နှုန်း ၇၀ ကို တရုတ်နိုင်ငံက ရရှိထားသဖြင့် မြန်မာနိုင်ငံအနေဖြင့် စျေးကွက်ရှာဖွေရန် အခက်အခဲ ဖြစ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ DaNa Facility က အားပေးတဲ့အတွက် အထည်ချုပ်တွေမှာ PPE နဲ့ ပတ်သက်ပြီး ထုတ်လုပ်ဖို့အတွက် ဒါလည်းကြိုးစားနေတယ်။ ဒါကလည်း စျေးကွက်တစ်ခုလိုတယ်။ အဲဒီစျေးကွက်ရှာဖို့က တရုတ်နိုင်ငံရဲ့ PPE စျေးကွက်က ကမ္ဘာ့စျေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို နှစ်ပေါင်း ဆယ်စုနှစ်များစွာ သူသည် လွှမ်းမိုးထားတဲ့အတွက် အခုချိန်မှာ ကျွန်မတို့ စျေးကွက်ရှာဖို့ အခက်အခဲ ရှိပါတယ်။ စျေးကွက်ရှိရင် ဒါကိုလည်း ရင်းနှီးမြှုပ်နှံမယ့် သူတွေလည်း ရှိပါတယ်။ ပြောင်းလဲထုတ်လုပ်မယ့် သူတွေလည်း ရှိပါတယ်။ အခုတောင်မှ လေး၊ ငါးရုံကစပြီး ချုပ်နေကြတာ ရှိပါတယ်။ PPE ဆိုလို့ ဆေးရုံသုံး တစ်ခုတည်း မဟုတ်ဘူးပေါ့နော်။ စက်ရုံအလုပ်ရုံသုံးတဲ့ ယူနီဖောင်းတွေပေါ့။ ဒါတွေအားလုံးကလည်း PPE ထဲမှာ ပါပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

အဆိုပါ PPE ထုတ်လုပ်မှုနှင့် ပတ်သက်၍ DaNa Facility က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရန် အထည်ချုပ် လုပ်ငန်းအတွက် ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်နိုင်ရန် အားပေးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါပေမဲ့ လောလောဆယ် ဒီ Program အောက်မှာ ကျွန်မတို့မှာ Investment လုပ်မယ့်သူရှိတယ်။ အားပေးတဲ့သူရှိတယ်။ စျေးကွက်မရှိဘူး။ စျေးကွက်က စောစောက ကျွန်မ ပြောသလို တရုတ်နိုင်ငံက  ကမ္ဘာ့စျေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို သူယူထားပြီးပြီ။ ကျွန်မတို့အနေနဲ့ ခုချိန်အထိ စျေးကွက်ကို ထိုးဖောက်နိုင်တဲ့ အင်အားမရှိသေးပါဘူး” ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆက်လက် ပြောကြားသည်။

လက်ရှိတွင် PPE ထုတ်လုပ်နေသည့် စက်ရုံများမှာ ပဲခူးမြို့နှင့် ရန်ကုန်မြို့တွင်ရှိကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အစိုးရသစ် စတင်တာဝန်ယူချိန်တွင် CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်အကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့သည်။

CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆ တိုးတက်ခဲ့ပြီး အစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီး ပေးနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ် တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည် တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။ ပို့ကုန်စျေးကွက်တွင်လည်း အီးယူစျေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့သည်။

 

Most Read

Most Recent