၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၄၃၀၀ ကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၄၀၀ နီးပါးဖြစ်ပေါ်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၄၃၀၀ ကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၄၀၀ နီးပါးဖြစ်ပေါ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
Published 10 December 2020

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ နှစ်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ သန်း ၄၃၀၀ ကျော်ရှိပြီး ကုန်သွယ်မှုလိုငွေဒေါ်လာသန်း ၄၀၀ နီးပါး ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃၂၅ ဒသမ ၃၀၃ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏဒေါ်လာ ၅၈၅၄ ဒသမ ၅၅၀ သန်း ရရှိထားသည်။ အဆိုပါ ကာလတူနှစ်ခုကိုနှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးတွင် ယခင်နှစ် ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၅၂၉ ဒသမ ၂၄၇ သန်း လျော့ကျနေသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် သွင်းကုန်တင်သွင်းမှုပမာဏက ပိုများနေခြင်းကို ဆိုလိုသည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် နှစ်လနီးပါးတွင် မြန်မာနိုင်ငံမှတင်ပို့ထားသည့်ပို့ကုန် တန်ဖိုးဒေါ်လာ ၁၉၆၂ ဒသမ ၆၇၀ သန်းရှိပြီး သွင်းကုန်ပမာဏ ဒေါ်လာ၂၃၆၂ ဒသမ ၆၃၃ သန်းရှိကာ ကုန်သွယ်မှုလိုငွေဒေါ်လာ ၃၉၉ ဒသမ ၉၆၃ သန်း ဖြစ်ပေါ်နေသည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၇ ဘီလျံရရှိရန်နှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံရှိရန် ခန့်မှန်းထားကြောင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆ ဒသမ ၆၆၅ ဘီလျံရှိသည်။ ယင်းအနက် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၇ ဒသမ ၆၄၃ ဘီလျံရရှိထားပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၉ ဒသမ ၀၂၂ ဘီလျံရှိသည်။

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါကူးစက်မှု မြင့်မားနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုရပ်တန့်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်သွယ်မှုတွင် ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေသော်လည်း မိမိတို့နိုင်ငံအနေဖြင့် ကုန်သွယ်မှုတွေကို ရပ်တန့်မှုမရှိစေအောင် ၀ိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်သွယ်မှုကဏ္ဍတွင် ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ပါဘူးဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအနေဖြင့်  ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏဒေါ်လာ ၃၆ ဒသမ ၆၆ ဘီလျံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ထက် ပို့ကုန်တွင် ဒေါ်လာ ၅၈၂ သန်းနဲ့ ကုန်သွယ်မှုပိုင်းတွင်ဒေါ်လာ ၃၅ သန်းအထိ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

Most Read

Most Recent