နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူးများ ဖြစ်သည့် ဦးတိတ်နိုင်နှင့် ဦးဘိုကြည်တို့ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုခံရ

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူးများ ဖြစ်သည့် ဦးတိတ်နိုင်နှင့် ဦးဘိုကြည်တို့ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုခံရ
Published 10 December 2020

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး နှစ်ဦးဖြစ်သည့် ဦးတိတ်နိုင်နှင့် ဦးဘိုကြည်တို့ကို  မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လက်ခံကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သက်ဆိုင်ရာမှ အကြောင်းကြားလာသည်ဟု ကာယကံရှင် နှစ်ဦးက  ပြောကြားသည်။

ထို့ပြင် နိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုခံရကြောင်း ဒီဇင်ဘာ ၄ ရက်က ချက်သမ္မတနိုင်ငံရှိ   မြန်မာသံရုံးမှ အကြောင်းကြားလာပြီး လက်ရှိတွင် မှတ်ပုံတင်နှင့် သန်းခေါင်းစာရင်းများလည်း ရရှိပြီဟု AAPP တွဲဘက် အထွေထွအတွင်းရေးမှူး ဦးတိတ်နိုင်က ပြောကြားသည်။

“ကျွန်တော်က အရင်နိုင်ငံသား မှတ်ပုံတင်နံပါတ်နဲ့ပဲ ပြန်ပြီးတော့ ရတယ်။ နောက် သန်းခေါင်းစာရင်းထဲမှာလည်း ကျွန်တော့်နာမည် ပြန်ပါပြီပေါ့နော်။ ဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီလို့ ၁၀၀ ရာခိုင်နှုန်း ပြောလို့ရတာပေါ့”ဟု ဦးဘိုကြည်က ပြောကြားသည်။

၎င်းတို့နှစ်ဦးသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တပ်မတော်အစိုးရ လက်ထက် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ကြပြီးနောက် ချက်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံပြီး အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခဲ့သော်လည်း နိုင်ငံသားခံယူခဲ့ခြင်း မရှိဟု သိရသည်။

တပ်မတော်အစိုးရ၏ အမည်မည်းစာရင်း သွင်းခံရမှုမှ ၂၀၁၂ ခုနှစ်တွင် လွတ်မြောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားမှုကို ၂၀၁၄ ခုနှစ်က စတင်ပြုလုပ်ခဲ့သည်ဟု ဦးဘိုကြည်က ဆိုသည်။

တိုင်းပြည်၏ နိုင်ငံရေး အခြေအနေ ပိုမိုပွင့်လင်းလာသည့် အနေအထားကြောင့် နိုင်ငံသား ပြန်လည်လျှောက်ထားခြင်း ဖြစ်သလို နိုင်ငံသို့ ပြန်လည် ဝင်ရောက်ရာတွင် နိုင်ငံ၏ ပတ်စ်ပို့စာအုပ် ကိုင်ဆောင် ဝင်ရောက်ခြင်းမျိုးသာ ပြုလုပ်လိုသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“ပြည်တွင်းကို ပြန်ဝင်လာလို့ရနိုင်တဲ့ အနေအထားရှိတဲ့အခါကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားအဖြစ်နဲ့ပဲ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတန်းတူရေး ကိစ္စတွေကို ဆက်ပြီးတာဝန် ထမ်းဆောင်ချင်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံသား ဖြစ်ရတာကိုပဲ ဂုဏ်ယူတာပေါ့။ ကိုယ့်ရဲ့ မွေးရာဇာတိလည်း ဖြစ်တယ်။ ကိုယ့်နိုင်ငံကို ပြန်လာတဲ့အခါမှာ မြန်မာနိုင်ငံသားစာအုပ်နဲ့ မြန်မာနိုင်ငံပတ်စ်ပို့နဲ့ ပြန်လာရတာမျိုးကိုပဲ ဖြစ်ချင်တယ်။ လေယာဉ်ကွင်းကို ဝင်တယ်ဆိုရင်  နိုင်ငံခြားသားပတ်စ်ပို့နဲ့ Travel Document တွေကိုင်ပြီး ဝင်လာရတာကိုက စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ ဝမ်းနည်းတဲ့ စိတ်လိုမျိုး၊ နိုင်ငံမဲ့ တစ်ယောက်ရဲ့ သိမ်ငယ်မှုတွေကို ခံစားရတယ်”ဟု ဦးဘိုကြည်က ပြောကြားသည်။

နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၉၇ ခုနှစ်တွင် နိုင်ငံမှ ထွက်ခွာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ချက်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် မရရှိမီ ကြားကာလတွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် အဓိကနေထိုင်၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သည်ဟု AAPP အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ မြန်မာပြည်ရဲ့ နိုင်ငံ့အရေးကို တောက်လျှောက် လုပ်လာခဲ့တယ်။ နောက်လည်း လုပ်သွားမှာ ဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ အကျိုးစီးပွားအတွက်ပဲ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒီလိုနိုင်ငံသားအဖြစ် ပြန်ရတဲ့အတွက်တော့ ဘာပဲပြောပြော ဝမ်းသာပါတယ်။ ဒီလိုဖြစ်အောင်လည်း နှစ်ပေါင်းများစွာ စောင့်လာပြီးတော့ လျှောက်လာခဲ့တာ။ အခုလို ပြန်ပြီးတော့ အသိအမှတ်ပြုခံရတဲ့အခါမှာ အရင်ထက် ပိုပြီးတော့ နိုင်ငံရဲ့အကျိုးကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ လူ့အခွင့်ရေး မြှင့်တင်ရေး၊ ကာကွယ်ရေးတွေကို အရင်ထက်စာရင် ပိုပြီးတော့ လုပ်ဆောင်နိုင်လိမ့်မယ် ထင်ပါတယ်။ ဒီအတွက် အားရကျေနပ်မှု ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

AAPP ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ၂၀၀၀ ပြည့်နှစ်၌ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့ ၌ ရုံးခွဲများ ထပ်မံဖွင့်လှစ်ခဲ့သည်။

နို်င်ငံရေးအကျဉ်းသားများအရေး အဓိက ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် မြှင့်တင်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent