၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၁၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၂၀ ကျော်ပိုမိုရရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၁၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၂၀ ကျော်ပိုမိုရရှိ
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ- ဇော်ဝင်းချစ်)
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ- ဇော်ဝင်းချစ်)
Published 8 December 2020

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ် ကာလတူထက်တန်ချိန် ၁၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၂၀ ခန့်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခွဲခန့်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၂၆၆၀၆ ဒသမ ၁၀၇ တန် တင်ပို့ထားပြီး ဒေါ်လာ ၃၆ ဒသမ ၂၄၄ သန်းရရှိထားသည်။

“ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၃ ရက်အထိ ရော်ဘာတင်ပို့မှု မနှစ်က ကာလတူထက်ပိုတယ် တန်ချိန်မှာက ၁၃၃၁၁ ဒသမ ၉၉ တန်ပိုတယ်။ ဝင်ငွေတန်ဖိုးမှာက ဒေါ်လာ ၁၉ ဒသမ ၇၀၉ သန်း ပိုရရှိထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာ အများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာ တန်ချိန်စုစုပေါင်း နှစ်သိန်းခန့်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်သွေးပိုမိုကောင်းမွန်ရန်အတွက် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

စက်တင်ဘာ ၃၀ ရက်က Zoom Application ဖြင့် ကျင်းပပြုလုပ်သော မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေးနှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအဖြေရှာပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု မြင့်လာစေရေးတို့အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) လုပ်ငန်းစီမံချက်ကို ဦးစားပေးကဏ္ဍ ကုန်စည် (၁၁) ခု၊ ဝန်ဆောင်မှု (၂) ခုနှင့် အထောက်အကူပြုကဏ္ဍ (၅) ခု စုစုပေါင်း (၁၈) ခု သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ရော်ဘာကဏ္ဍသည်လည်း ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည်။

Most Read

Most Recent