လှိုင်သာယာ စက်မှုဇုန် (၅) အတွင်း CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာတစ်သန်းနီးပါး မြှုပ်နှံလုပ်ကိုင်မည်

လှိုင်သာယာ စက်မှုဇုန် (၅) အတွင်း CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာတစ်သန်းနီးပါး မြှုပ်နှံလုပ်ကိုင်မည်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 8 December 2020
နီလာ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) အတွင်း CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ငန်းကို ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ တစ်သန်းနီးပါး မြှုပ်နှံ၍ လုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) အတွင်း Dagon Win Garment Factory Company Limited က ဒေါ်လာ သုည ဒသမ ၉၀၄ သန်း မြှုပ်နှံပြီး ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၉/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ဦးရေ ၆၀၀ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ခန့်သာရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၂၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခွဲခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီး အထည်) တင်ပို့မှုမှ ဒေါ်လာ ၂၉၇ ဒသမ ၁၇၅ သန်း ရရှိထားသည်။ ယခင်နှစ်ကာလ တူတွင် ဒေါ်လာသန်း ၅၂၀ ကျော်ရရှိထားသည်။

“ ဒီဘဏ္ဍာနှစ် နိုဝင်ဘာ ၁၃ ရက်အထိ ချုပ်ပြီးအထည်မှ ဒေါ်လာ ၂၉၇ ဒသမ ၁၇၅ သန်း ရထားတယ်။ ကာလတူထက် ၂၂၃ ဒသမ  ၇၃၅ လျော့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU တို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အစိုးရသစ် စတင်တာဝန်ယူချိန်တွင် CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်အကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့သည်။

CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆ တိုးတက်လာခဲ့ပြီး အစိုးရသက်တမ်းစတုတ္ထနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့်အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားခြောက်သိန်းခန့်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ပြီး ယင်းအနက်  ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုတွင် ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှု၌ ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်ခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent