IFFHS က ရွေးချယ်သည့် အကောင်းဆုံးအသင်းတွင် ဘိုင်ယန်မြူးနစ်မှ လေးဦးဖြင့် အများဆုံးပါဝင်

IFFHS က ရွေးချယ်သည့် အကောင်းဆုံးအသင်းတွင် ဘိုင်ယန်မြူးနစ်မှ လေးဦးဖြင့် အများဆုံးပါဝင်
Photos : IFFHS
Photos : IFFHS
Published 8 December 2020

နိုင်ငံတကာဘောလုံးသမိုင်းနှင့်အချက်အလက်ဆိုင်ရာအဖွဲ့အစည်း (IFFHS) က ရွေးချယ်သည့် ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးအသင်းတွင် ဘိုင်ယန်မြူးနစ်အသင်းမှ လေးဦးဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။

IFFHS သည် ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးအသင်းကို (၄-၃-၃) ကစားကွက်ဖြင့် ရွေးချယ်ထားပြီး ဘိုင်ယန်မြူးနစ်အသင်းမှ ဂိုး- နော်ယာ၊ နောက်တန်း-အယ်လ် ဖွန်ဆိုဒေးဗီးစ်၊ အလယ်တန်း-ကင်မစ်ချ်၊ ရှေ့တန်း-လီဝန်ဒေါစကီးတို့ ရွေးချယ်ခံခဲ့ရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ရာသီတွင် ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ချန်ပီယံလိဂ်စသည့် အဓိကဆုဖလားသုံးခုစလုံး ဆွတ်ခူးရယူနိုင်ခဲ့သလို ဂျာမန်စူပါဖလားနှင့် ဥရောပစူပါဖလားပြိုင်ပွဲတွင်လည်း ဗိုလ်စွဲထားသဖြင့် အရေအတွက်အများဆုံး ရွေးချယ်ခံရခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းက သုံးဦးဖြင့် ဒုတိယအများဆုံး ရွေးချယ်ခံရပြီး နောက်တန်း- ဗန်ဒိုက်၊ အာနိုးလ်၊ အလယ်တန်း- သီယာဂိုတို့ ပါဝင်ကြောင်း သိရသည်။

သီယာဂိုသည် ပြီးခဲ့သည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သည်။

ကျန်လေးဦးမှာမူ တစ်သင်းစီမှဖြစ်ပြီး ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၊ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို၊ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားနှင့် ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်တို့ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် အကောင်းဆုံးနည်းပြအဖြစ် ဘိုင်ယန်မြူးနစ်အသင်းအား နည်းပြသက်တမ်း လပိုင်းအတွင်း ဆုဖလားငါးလုံးအထိ ဆွတ်ခူးရယူပေးထားသည့် ဟန်ဆီဖလစ်ခ်က ရွေးချယ်ခံခဲ့ရ သည်။

Most Read

Most Recent