လက်ရှိဘဏ္ဍာနှစ် နှစ်လခန့်တွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ငါးပုံတစ်ပုံသာရှိကြောင်း DICA ညွှန်ကြားရေးမှူးချုပ်ပြောကြား

လက်ရှိဘဏ္ဍာနှစ် နှစ်လခန့်တွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ငါးပုံတစ်ပုံသာရှိကြောင်း DICA ညွှန်ကြားရေးမှူးချုပ်ပြောကြား
နိုင်ငံတကာလုပ်ငန်းရှင်များစွာ ဝင်ရောက်မြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာလုပ်ငန်းရှင်များစွာ ဝင်ရောက်မြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 5 December 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် နှစ်လခန့်တွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ငါးပုံတစ်ပုံသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA) ၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ မနှစ်က ဒီအချိန်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိပြီးဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁၉၉ သန်း ဆိုတော့ မနှစ်ကထက် ငါးပုံတစ်ပုံပဲ ဝင်ပါသေးတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည့်စီမံကိန်း ၂၄ ခု၏အဆိုပြုလွှာများ လက်ခံရရှိထားပြီးဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။

“ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ လက်ခံပြီးတော့မှ စဉ်းစားပြီးတော့မှ လိုအပ်တာကို ညှိနှိုင်းဆွေးနွေးနေတဲ့ Proposal ပေါင်း ၂၄ ခုရှိပါတယ်။ အဲ Proposal ၂၄ ခုရဲ့တန်ဖိုးက အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

လက်ရှိအစိုးရသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု ဒေါ်လာ ၂၅ ဒသမ ၃ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုနှင့် ပို့ဆောင်ဆက်သွယ်ကဏ္ဍတို့၌ အများဆုံး ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု (MIC) မှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအကုန်အထိ မြန်မာနိုင်ငံအတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၈၀ နီးပါးမှ ဒေါ်လာ ၂၃ ဒသမ ၉၃၄ ဘီလျံလာရောက်ရင်းနှီးမြှုပ်နှံထားသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၀ မှ ဒေါ်လာ ၁ ဒသမ ၃၇၇ ဘီလျံအထိ လာရောက်ရင်းနှီးမြှုပ်ထားကြောင်း သိရသည်။

အဆိုပါ အစိုးရသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၃၉ ခုမှ  စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၃၁၂ ဘီလျံအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ အိမ်ယာတည်ဆောက်ဖွံ့ဖြိုးရေး၊ စွမ်းအင်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုဇုန်တည်ဆောက်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်း ကဏ္ဍ ၁၁ ခု၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ၇၁၁ ခုမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၂၄၂ ဘီလျံဝင်ရောက်ထားပြီး စုစုပေါင်း ပမာဏ၏ ၂၆ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဝင်ရောက်ထားခြင်းဖြစ်သည်။

Most Read

Most Recent