၂၀၂၁ ရာသီ တရုတ်စူပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ကလပ်အသင်းများအနေဖြင့် အသင်းအမည်တွင် ကုမ္ပဏီနာမည်များပါဝင်ပါက ဖယ်ရှားရမည့် သတ်မှတ်ချက်ကြောင့် ပရိသတ်များ ဒေါသထွက်နေကြောင်း သိရသည်။
ယင်းသတ်မှတ်ချက်မှာ ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည့် တရုတ်ဘောလုံးလောက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ် မှစ၍ ကလပ်အသင်းများအနေဖြင့် အသင်းအမည်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကုမ္ပဏီနာမည်များ ထည့်သွင်းခြင်းမပြုရန် တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) က ကြေညာချက်ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ ၂၀၂၀ ရာသီ တရုတ်စူပါလိဂ်ချန်ပီယံ ကျန်းဆုဆန်းနင်အသင်းအပါအဝင် ချန်ပီယံဆု(၈)ကြိမ် ရရှိထားသည့် ကွမ်ကျိုးအဲဗားဂရန်းအသင်း၊ ရှန်ဟိုင်းဂရင်းလန်းရှင်ဟွာအသင်း၊ ကွမ်ကျိုး R&F အသင်း၊ ရှန်ဟိုင်း SIPG အသင်း၊ ဟူဘေး China Fortune အသင်း၊ တီယန်ကျင်း TEDA အသင်း စသည့် နာမည်ကြီးကလပ်များမှာ ကုမ္ပဏီနာမည်ပါဝင်နေသဖြင့် နာမည်ပြောင်းလဲရတော့မည်ဖြစ်သည်။
"ကုမ္ပဏီအခြေပြုကလပ်တွေက ကျွန်တော်တို့ မျိုးဆက်တွေရဲ့ဘဝတစ်စိတ်တစ်ပိုင်းပါပဲ။ ဘောလုံးအဖွဲ့ချုပ်က အဲဒီနာမည်တွေကို ထပ်ပြီးခွင့်မပြုတော့ဘူးလို့ ကြေညာတာကို ဒီမနက်မှာ ကြားလိုက်ရတာ တကယ် စိတ်မကောင်းပါဘူး။ တော်တော်လည်း ဒေါသထွက်ပါတယ်"ဟု တီယန်ကျင်း TEDA အသင်း ပရိသတ်တစ်ဦးက ပြောကြားသည်။















