PSG အသင်းတိုက်စစ်မှူး နေမာက လာမည့်ရာသီတွင် ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီနှင့် ပြန်လည်တွဲကစားခွင့်ရလိုကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။
မန်ယူအသင်းနှင့် ချန်ပီယံလိဂ်ပွဲအပြီးတွင် ESPN သတင်းဌာနနှင့်တွေ့ဆုံစဉ် နေမာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မက်ဆီနှင့် ထပ်မံ တွဲကစားခွင့်ရရေးမှာ အလိုချင်ဆုံးအရာဖြစ်သည်ဟု ဆိုသည်။
"သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ထပ်ပြီးကစားခွင့်ရဖို့က ကျွန်တော်အလိုချင်ဆုံးအရာပါပဲ။ သူက ကျွန်တော်ကစားတဲ့နေရာမှာ ကစားနိုင်ပါတယ်။ အဲဒါက သူနဲ့ကျွန်တော်အတွက် ပြဿနာ မဟုတ်ပါဘူး။ လာမယ့်နှစ်မှာ အဲဒီကိစ္စကို ကျွန်တော်တို့လုပ်ဖြစ်မယ်ဆိုတာ သေချာပါတယ်"ဟု နေမာက ပြောကြားသည်။

နေမာနှင့် မက်ဆီသည် ဘာစီလိုနာအသင်း၌ ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အထိ (၄)ရာသီကြာ ကစားခဲ့ဖူးပြီး မက်ဆီ၊ ဆွာရက်ဇ်နှင့် နေမာတို့၏ MSN တိုက်စစ်အတွဲမှာလည်း ယင်းကာလအတွင်း လာလီဂါချန်ပီယံ (၂)ကြိမ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနှင့် စပိန်စူပါဖလား (၁)ကြိမ်စီအပြင် စပိန်ဘုရင့်ဖလား (၃)ကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။
နေမာသည် အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဖူးသလို မက်ဆီ၏ လက်ရှိအခြေအနေအရ စာချုပ်နောက်ဆုံးနှစ်သို့ ရောက်ရှိ နေပြီး လာမည့်နှစ် နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရမည်ဖြစ်သောကြောင့် PSG အသင်းတွင် တစ်ကျော့ပြန် လက်တွဲခွင့်ရဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။















