ကိုရီးယား-မြန်မာချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီး လာမည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ပြီးစီးနိုင်ရန်ဆောင်ရွက်နေ

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီး လာမည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ပြီးစီးနိုင်ရန်ဆောင်ရွက်နေ
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကိုတွေ့ရစဉ်
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကိုတွေ့ရစဉ်
Published 1 December 2020
ရွှန်းလဲ့ဝင်း

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီး လာမည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာတွင် တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးအောင် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို၏ ပြောကြားချက်အရ သိရသည်။

“ အခုကတော့ ဒလတံတားစီမံကိန်းက အပိုင်းသုံးပိုင်းစလုံး ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ပင်မတံတားအနေနဲ့ဆိုရင် နိုဝင်ဘာ နောက်ဆုံးပတ်က ဘိုးပိုင်တစ်လုံးက အားလုံးပြီးစီး၍ ကွန်ကရစ်လောင်းတာတွေ လုပ်ကိုင်ပြီးဖြစ်ပါတယ်။ ပင်မတံတားမှ စုစုပေါင်း ဘိုးပိုင် ၄၆လုံးရှိတဲ့နေရာမှာ ၂ရလုံး ပြီးစီးလို့ ကွန်ကရစ်လောင်းပြီးဖြစ်ပါတယ်။ ဒီတံတားကြီးတည်ဆောက်ရေးတွေအနေနဲ့ ရန်ကုန်ဘက်ခြမ်းရော၊ ဒလဘက်ခြမ်းမှာပါ ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီး ပင်မတံတား ရေလည်ခေါင်ဘိုးပိုင်တူးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှာ စီမံကိန်း လုပ်ငန်းတွေအားလုံးပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ ကိုဗစ်ကြောင့် နှောင့်နှေးသွားရတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို အချိန်မှီ ပြီးစီးနိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားသည်။

အဆိုပါ ဒလတံတားတည်ဆောက်ရေး လုပ်ငန်းများကို ကိုဗစ်ကာလအတွင်း ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်က ကိုရီးယား-မြန်မာချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် COVID-19 ရောဂါဖြစ်ပွားနေသော ကာလအတွင်း တစ်လနီးပါးခန့် ယာယီရပ်နားထားခဲ့ရပြီး ယခုအခါ ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများနှင့် ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ ပြန်လည်စတင်နေကြောင်း သိရသည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကို မြတ်နိုးသူဆောက်လုပ်ရေးက တာဝန်ယူဆောင်ရွက်နေသည့် ပထမအပိုင်းဖြစ်သော ဒလမြို့နယ် ရန်ကုန်မြစ်ဆိပ်ကမ်းအနီး ဗိုလ်မင်းရောင်လမ်းပေါ် ဒလဘက်အခြမ်း ချဉ်းကပ်တံတားအပိုင်းတွင် ကမ်းကပ်ခုံ A1 အပိုင်း Abutment Bored Pile တူးဖော်ခြင်း၊ ဘိုးပိုင်တူးဖော်ခြင်း၊ ချဉ်းကပ်တံတား Bored Pile တူးဖော်ခြင်း၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ပါဝင်ပြီး ထိုအပိုင်းတွင် Pile တိုင် ၁၄ ခုတည်ဆောက်ခြင်း၊ လေးလမ်းသွား တံတားချဉ်းကပ်လမ်း တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်ဘက်ခြမ်းတံတားတည် ဆောက်ရေးတွင် ဒလဘက်မှ ဘုန်းကြီးလမ်းအတိုင်း နှစ်လမ်းသွား တံတားတစ်စင်း၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း ရန်ကုန်မြို့တွင်း ဆူးလေဘုရားဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်း ၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်ဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်း စုစုပေါင်း တံတားသုံးစင်း တည်ဆောက်သွားမည်ဖြစ်သည်။

Most Read

Most Recent