နည်းပြချုပ် အပြောင်းအလဲနှင့်အတူ ပွဲထွက်ခွင့်ပြန်ရပြီး အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိကြောင်း အောင်ကောင်းမာန် ဖွင့်ဟ

နည်းပြချုပ် အပြောင်းအလဲနှင့်အတူ ပွဲထွက်ခွင့်ပြန်ရပြီး အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိကြောင်း အောင်ကောင်းမာန် ဖွင့်ဟ
Photos : Lampang FC Facebook
Photos : Lampang FC Facebook
Published 1 December 2020

ထိုင်းလိဂ်-၂ ကလပ် Lampang အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်က နည်းပြချုပ်အပြောင်းအလဲနှင့်အတူ ဆာမတ်ဆာခွန်အသင်းနှင့်ပွဲတွင် ပွဲထွက်ခွင့်ပြန်လည်ရရှိပြီး အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိကြောင်း ပွဲအပြီးတွင် ပြောကြားသည်။

တနင်္ဂနွေနေ့က Lampang အသင်းနှင့် ဆာမတ်ဆာခွန်အသင်းတို့ ကစားသည့်ပွဲတွင် Lampang အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး အောင်ကောင်းမာန်က နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

''အသင်းရဲ့ နည်းပြချုပ်အပြောင်းအလဲနဲ့အတူ ပွဲထွက်ခွင့်ပြန်ရလာခဲ့တာက ကျွန်တော့်ကို ယုံကြည်မှုပြန်ရလာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ဒီနေ့ဟာ ကျွန်တော့်အတွက် အမှတ်တရဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ တုန်းကလည်း ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအသင်းအတွက် ကျွန်တော် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့နေ့ပါ။ ကျွန်တော် လက်ရှိကစားနေတဲ့ အသင်းအတွက်လည်း ဆက်လက်ပြီး ကြိုးစားသွားပါမယ်။ ပိုကြိုးစားမယ်။ လိုအပ်ချက်တွေရှိရင်လည်း ပြင်ဆင်ပါမယ်။ အားပေးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်''ဟု အောင်ကောင်းမာန်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၂ ကလပ် Lampang အသင်းတွင် အငှားဖြင့် သွားရောက်ကစားနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် နည်းပြလက်ထက်တွင် ဒဏ်ရာပြဿနာကြုံ တွေ့ခဲ့သလို ပွဲထွက်ခွင့်ရရန်အတွက်ပါ ရုန်းကန်ခဲ့ရသည်။

သို့သော် Lampangအသင်း၏နည်းပြချုပ်အပြောင်းအလဲတွင် ပွဲထွက်ခွင့် ပြန်လည်ရရှိလာပြီး ဆာမတ်ဆာခွန်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့်ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

အောင်ကောင်းမာန်သည် ပထမ ပိုင်း ၂၄ မိနစ်နှင့် ၄၁ မိနစ်တွင် နှစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ဆာမတ်ဆာခွန်အသင်းနှင့်ပွဲတွင် ပွဲထွက်စာရင်း၌ ပါဝင်ခွင့်ရခဲ့ပြီး နှစ်ဂိုးသွင်းယူပေးခဲ့သလို ဒုတိယပိုင်း ၇၁ မိနစ်အထိ ကစားခဲ့ရကြောင်း သိရသည်။

Lampang အသင်း၏နည်းပြချုပ် ဆွန်ချိုင်းကလည်း အောင်ကောင်းမာန်၏ခြေစွမ်းအပေါ် ချီးကျူးထားပြီး သွင်းဂိုးများကို ဆက်လက်မျှော်လင့်ထားကြောင်း ပြောကြားထားသည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သည့် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရ အသင်းတွင် မြန်မာအသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးတွင် ထိုင်းလိဂ်-၁ ကလပ် Trat အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် Lampang အသင်းသို့ အငှားဖြင့် ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent