ချယ်လ်ဆီးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် သရေတစ်မှတ်ရယူနိုင်ခဲ့ ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံး ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည့် စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက မိမိ၏အသင်းသည် ချန်ပီယံပြေးလမ်းထဲဝင်ပြိုင်နိုင်သည့် မြင်းတစ်ကောင်မဟုတ်ဘဲ မြင်းပေါက်လေးတစ်ကောင်သာ ဖြစ်နေသေးသည်ဟု ပြောကြားခဲ့သည်။

''ကျွန်တော်တို့အသင်းက အခုအချိန်အထိ ချန်ပီယံပြေးလမ်းထဲကိုတောင် မရောက်သေးပါဘူး။ ပြောရရင် မြင်းတစ်ကောင်ကို မဟုတ်သေးပါဘူး။ မြင်းပေါက်လေးတစ်ကောင် သာဖြစ်ပါတယ်။ ဒီအသင်းနဲ့ အလုပ်လုပ်ရတာ ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်လက်တွဲရတဲ့ နည်းပြအဖွဲ့၊ ကျွန်တော်လက်တွဲရတဲ့ ကစားသမားတွေအားလုံးအတွက် ကျွန်တော်ကျေ နပ်ပါတယ်။ တစ်ပွဲချင်း ရလဒ်ကောင်းဖို့ကိုပဲ အာရုံစိုက်ကစားသွားမှာပါ။ ချန်ပီယံပြေးလမ်းကြောင်းထဲမှာ ရှိနေတယ်လို့ မထင်သေးပါဘူး''ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုသည် ယင်းပွဲတွင် စပါးအသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ခဲ့ပြီး အမှားအနည်းငယ်ရှိခဲ့သည့် လူငယ်နောက်ခံလူ ရိုဒွန်နှင့်ပတ်သက်ပြီးလည်း ကာကွယ်ပြောကြားခဲ့သည်။

မော်ရင်ဟိုက ''ရိုဒွန်က ဆွမ်ဆီးကနေလာတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး၊ သီယာဂိုဆေးလ်ဗားက အခုအချိန်အထိ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးပါ။ ရိုဒွန်ရဲ့ တစ်နှစ်လစာက သီယာဂိုဆေးလ်ဗားရဲ့ တစ်လလုပ်ခလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ သူ လုပ်ပြခဲ့တဲ့အရာတွေကို ကျွန်တော် ကျေနပ်ပါတယ်။ ရိုဒွန်အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်''ဟုလည်း ပြောကြားခဲ့သည်။















