မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဓိကပြုလုပ်နေသည့် စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings တစ်နှစ်အတွင်း အသားတင်ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ သန်း ၆၀ ကျော်အထိရှိခဲ့

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဓိကပြုလုပ်နေသည့် စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings တစ်နှစ်အတွင်း အသားတင်ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ သန်း ၆၀ ကျော်အထိရှိခဲ့
Published 1 December 2020
စည်သူအောင်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဓိကပြုလုပ်နေသည့် စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင် Yoma Strategic Holdings (YSH) တစ်နှစ်အတွင်း အသားတင်ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ သန်း ၆၀ ကျော်အထိ ရှိခဲ့ကြောင်း Business Time သတင်းဌာန၏ ဖော်ပြမှုအရ သိရသည်။

စင်ကာပူ စတော့အိတ်ချိန်း၏ Main Board စာရင်းဝင်လုပ်ငန်းဖြစ်သော Yoma Strategic Holdings (YSH) ၏ တစ်နှစ်တာပတ်လုံး ဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၆၀ ဒသမ ၀၅ သန်းအထိ နက်ရှိုင်းစွာ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ် ဒေါ်လာ ၃၆ ဒသမ ၉ သန်းမှ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဆုံးရှုံးမှုအကြောင်းရင်းခံများမှာ ဖက်စပ်လုပ်ငန်းများ ဆုံးရှုံးမှုများပြားခြင်း၊ ရောင်းအား ကုန်ကျစရိတ်များ တိုးမြင့်လာခြင်း၊ စီမံခန့်ခွဲမှု အသုံးစရိတ်များနှင့် ဝင်ငွေခွန်များကြောင့် ဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်သည့် Yoma Strategic Holdings စီမံခန့်ခွဲမှုဘုတ်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Yoma Strategic Holdings သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

Yoma Strategic Holdings ရှယ်ယာတစ်စု၏ ဆုံးရှုံးမှုသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် ကုန်ဆုံးသည့် ခြောက်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁ ရှိခဲ့သည်။ နိုဝင်ဘာ ၂၇ ရက်တွင် အစုရှယ်ယာ တစ်စုလျှင် စင်ကာပူဒေါ်လာ ၀ ဒသမ ၃၁ ရှိရာမှ နိုဝင်ဘာ ၃၀ ရက်တွင် စင်ကာပူဒေါ်လာ ၀ ဒသမ ၂၈ အထိ ကျဆင်းခဲ့သည်။

ဝင်ငွေအားဖြင့် ကြည့်လျှင် တစ်လုံးလုံး ဝင်ငွေသည် လွန်ခဲ့သော တစ်နှစ်က အမေရိကန်ဒေါ်လာ ၉၁ သန်း ရှိခဲ့ရာမှ ၁၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၄ သန်းသို့ ရောက်ရှိခဲ့သည်။

စုစုပေါင်း ဝင်ငွေ၏ ၃၀ ဒသမ ၇ ရာခိုင်နှုန်းရှိသော အိမ်ခြံမြေဖွံ့ဖြိုးမှုကဏ္ဍမှ ရရှိသော ဝင်ငွေသည် လွန်ခဲ့သော တစ်နှစ်က အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂ သန်းရှိရာ မှ ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွင်း ရာခိုင်နှုန်း ၉၀ ကျော်အထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၇ သန်းအထိ တိုးတက်လာခဲ့သည်။

Yoma Strategic Holdings သည် စားသောက်ကုန်၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ မော်တော်ယာဉ်နှင့် အကြီးစားစက်ပစ္စည်း လုပ်ငန်းများတွင် ဝင်ငွေမြင့်မားခဲ့သော်လည်း အိမ်ခြံမြေဝန်ဆောင်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ဝင်ငွေကျဆင်းလျက် ရှိသည်။

Yoma Strategic Holdings သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလအတွက် အမြတ်ဝေစုကို ကြေညာခွဲဝေပေးခြင်း မပြုခဲ့ပေ။

“COVID-19 အစီအမံများ ဖြေလျှော့ပေးခြင်းနှင့် ရွေးကောက်ပွဲအတွက် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် YSH အနေဖြင့် မြန်မာ့စီးပွားရေး အလားအလာအပေါ်  အကောင်းမြင်ထားသည်။ မြန်မာအစိုးရအနေဖြင့် လာမည့် ငါးနှစ်တာ ကာလအတွင်း တိုးတက်မှုဆိုင်ရာ လုပ်ဆောင်မှုအမျိုးမျိုး နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည် မျှော်လင့်ရပါကြောင်းနှင့် ထို့ပြင် COVID-19 တုံ့ပြန်မှု၏ အကျိုးသက်ရောက်မှုသည် စီးပွားရေး အသွင်းပြောင်းလဲမှု ပိုမိုလျင်မြန်သော အရှိန်အဟုန်ကို ဖြစ်ပေါ်စေရန် အထောက်အကူ ဖြစ်စေမည်ဟု  မျှော်မှန်းထားပါကြောင်း” Yoma Strategic Holdings ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။                                      

Most Read

Most Recent