ကိုရီးယား-မြန်မာစက်မှုဇုန် KMIC စီမံကိန်းကို ဒီဇင်ဘာလအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်

ကိုရီးယား-မြန်မာစက်မှုဇုန် KMIC စီမံကိန်းကို ဒီဇင်ဘာလအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်
ကိုရီးယား-မြန်မာ စက်မှုဇုန် KMIC စီမံကိန်းပုံစံကို တွေ့ရစဉ် Photo- KMIC
ကိုရီးယား-မြန်မာ စက်မှုဇုန် KMIC စီမံကိန်းပုံစံကို တွေ့ရစဉ် Photo- KMIC
Published 27 November 2020
နီလာ

ကိုရီးယား-မြန်မာစက်မှုဇုန် KMIC စီမံကိန်းကို ဒီဇင်ဘာလအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ကိုရီးယား-မြန်မာစက်မှုဇုန် KMIC စီမံကိန်းတင်ဒါအောင်နိုင်သူအား နှစ်လအတွင်း ရွေးချယ်မည်ဖြစ်ပြီး အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများကို ၃၁၅ ဧကပေါ် တွင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း Korea-Myanmar Industrial Complex- KMIC Development Co., Ltd က သတင်းထုတ်ပြန်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကိုရီးယား LH နှင့် Global Sae- A တို့ ပူးပေါင်းဆောင်ရွက်သောဖက်စပ်ကုမ္ပဏီ KMIC၊ အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်မြို့၏ မြောက်ဘက် ၁၀ ကီလိုမီတာအကွာတွင် စတင်မည်ဖြစ်သည်။

KMIC သည် မြန်မာနိုင်ငံအစိုးရနှင့် Korea Land and Housing Corporation တို့အကြား တည်ထောင်ထားသော ဖက်စပ်ကုမ္ပဏီဖြစ်သည်။ KMIC သည် အကျိုးအမြတ်များ ခံစားလိုသော ပြည်တွင်း ပြည်ပကုမ္ပဏီများအား စျေးကွက်အခွင့်အလမ်းများနှင့် အကျိုးကျေးဇူးများစွာ ဖန်တီးပေးနိုင်လိမ့်မည်ဟု မြန်မာအစိုးရက မျှော်မှန်းထားသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်တွင် Korea-Myanmar Industrial Complex စီမံကိန်းအပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့သည်။ အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများသည် စုစုပေါင်းဧရိယာ ၅၅၆ ဧကမှ ၃၁၅ ဧကကိုအကောင်အထည်ဖော်မည်ဖြစ်သည်။ တည်ဆောက်ရေးကာလ ကြာချိန် ၂၄ လဖြစ်ပြီး ခန့်မှန်းတွက်ချက်မှု ပမာဏအရ ဒေါ်လာ ၂၇ သန်းခန့်ကုန်ကျနိုင်ကြောင်း KMIC Development Co., Ltd က ထုတ်ပြန်ထားသည်။      

KMIC စက်မှုဇုန်စီမံကိန်းမှ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး KMIC စက်မှုဇုန်စီမံကိန်းထူထောင်ရာတွင် အခြေခံအဆောက်အအုံပိုင်းသာမက ဝန်ဆောင်မှုပေးရေးအပိုင်းကိုပါ နိုင်ငံတကာအဆင့်မီစေရန် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းမှာက ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖက်စပ်ရင်းနှီးမြှုပ်နှံကာ Developer အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ မြေဧက ၅၅၀ ကျော်ပေါ်၌ မြန်မာ-ကိုရီးယား ပူးပေါင်းဖွဲ့စည်းထားသည့် KMIC က ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်စီမံကိန်းကို လာမည့် ၂၀၂၅ ခုနှစ်အပြီး တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာ ဒေါ်လာ သန်း ၁၂၀  ရင်းနှီးမြှုပ်နှံမယ့် စက်မှုဇုန် စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Korea Land and Housing Corporation တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ KMIC Development Co., Ltd က ၂၀၂၅ ခုနှစ်မှာ အပြီးဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။