COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေး ဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ကို ရေးဆွဲလျက်ရှိ

COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေး ဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ကို ရေးဆွဲလျက်ရှိ
COVID-19 ချေးငွေရရှိရန် လာရောက်လျှောက်ထားခဲ့သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ချေးငွေရရှိရန် လာရောက်လျှောက်ထားခဲ့သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 24 November 2020

COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေးလျင်မြန်စွာဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ကို ရေးဆွဲလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုဝင်ဘာ ၂၄ ရက်က ပြောကြားသည်။

“ ကိုဗစ်-၁၉ ကပ်ရောဂါဟာဆိုရင် အကြီးမားဆုံးအခက်အခဲတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံ တစ်ခုတည်းမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကြုံတွေ့ရတဲ့ အခက်အခဲဆိုးကြီးတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အခြားသော ကမ္ဘာ့နိုင်ငံတွေလိုပဲ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးကပ်ရောဂါကို ကြုံတွေ့နေရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး သောင်းထွန်းက ပြောကြားခဲ့သည်။

COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ COVID-19 ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကို လျှော့ချရန်အတွက် ဆောင်ရွက်လျက်ရှိသည်။

“ လာမယ့်အပတ်အတွင်းမှာ MERRP အကောင်အထည်ပေါ်လာမယ်လို့ ထင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု COVID-19 ကြောင့် ယခုနှစ်ကျဆင်းနိုင်သော်လည်း နှစ်ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကာလမတိုင်မီကာလတွင် ရရှိခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်း ပြန်လည်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာအချက်အချာကျစွာ တည်ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများစွာရှိကြောင်း၊ စွမ်းအင်ကဏ္ဍ၊အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် အဆိုပါလုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် ကဏ္ဍပေါင်းစုံတွင် အချိုးညီမျှတသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

COVID-19 ကာလအတွင်း စိန်ခေါ်မှုများရှိခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလျံရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၁ ဒသမ ၁၆၉ ဘီလျံတိုးမြှင့်ရရှိခဲ့သည်။

COVID-19 ကြောင့် အသွားအလာကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန်ရှိသော်လည်း ခွင့်ပြုမပေးနိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် ပြည့်မီခြင်းမရှိဘဲ လျော့ကျခဲ့ရသည်။

“ အမှန်အတိုင်းပြောရင် ဒီနှစ်ထဲမှာလည်း တာဂတ်ကိုပြည့်မီဖို့လို့ပဲဖြစ်ပါတယ်။ သို့သော်လည်း COVID-19 ဖြစ်ပွားနေတဲ့ အခြေအနေအရ ရင်းနှီးမြှုပ်နှံသူများက သွားရလာရကန့်သတ်ချက်ရှိခြင်း၊ သက်ဆိုင်ရာ နယ်မြေဆင်းပြီးတော့မှ လုပ်ဆောင်ရာမှာ ကန့်သတ်ချက်ရှိခြင်း ထို့အတူပဲ ရန်ကုန်နဲ့ နေပြည်တော် များသောအားဖြင့် နေပြည်တော်မှာအစိုးရရုံးစိုက်တာဖြစ်တဲ့အတွက် အသွားအလာအခက်အခဲများ ရှိတာဖြစ်တဲ့အတွက် အချို့လုပ်ငန်းတွေဟာ ဝင်ရောက်ဖို့လို့ အစီအစဉ်ရှိပေမဲ့ မဝင်ရောက်သေးတာပဲ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

Most Read

Most Recent