ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း စျေးချိုသာစွာနှင့် ဖြန့်ဖြူးမည်ဟု AstraZeneca က ကတိပြု

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း စျေးချိုသာစွာနှင့် ဖြန့်ဖြူးမည်ဟု AstraZeneca က ကတိပြု
အောက်စ်ဖိုဒ့်တက္ကသိုလ်၏ ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ပတ်သက်၍  ထုတ်ပြန်ထားသည့် ဓာတ်ပုံအား တွေ့ရစဉ် (Photo:AFP)
အောက်စ်ဖိုဒ့်တက္ကသိုလ်၏ ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ပတ်သက်၍  ထုတ်ပြန်ထားသည့် ဓာတ်ပုံအား တွေ့ရစဉ် (Photo:AFP)
Published 24 November 2020
Ref: AFP

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ရန် ဆောင်ရွက်နေမှု၏ နောက်ကွယ်မှ သိပ္ပံပညာရှင်များက ၎င်းတို့၏ ကာကွယ်ဆေးသည် ပြိုင်ဘက်ကာကွယ်ဆေးများထက် စျေးလည်း သက်သာကာ သိုလှောင်၊ ဖြန့်ချိရန်လည်း ပို၍လွယ်ကူနိုင်သောကြောင့် ကမ္ဘာအတွက် ကာကွယ်ဆေး ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

၎င်းတို့၏ကာကွယ်ဆေးသည် ပျမ်းမျှ ၇၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း စမ်းသပ်ရလဒ်များက ဖော်ပြခဲ့ပြီးနောက် ဗြိတိန်ကာကွယ်ဆေးလုပ်ငန်းကြီး AstraZeneca နှင့်အောက်စ်ဖို့ တက္ကသိုလ်တို့သည် ယင်းကာကွယ်ဆေးအတွက် တရားဝင်သဘောတူခွင့်ပြုချက်ရရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ဆေး ထိုးသည့်အကြိမ်အရေအတွက်ကို မူတည်ပြီး ဆေး၏ထိရောက်မှုသည် ပြိုင်ဘက်ကာကွယ်ဆေးများ ဖြစ်သည့် Pfizer/BioNTech နှင့် Moderna တို့၏ ကာကွယ်ဆေးများကဲ့သို့ပင် ထိရောက်မှု ၉၀ ရာခိုင်နှုန်းသို့ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သော အမေရိကန် ဆေးကုမ္ပဏီများ၏ကာကွယ်ဆေးများသည် ၉၀ ရာခိုင်နှုန်းအထက် ထိရောက်မှု ရှိသည်ဟု ဆိုထားသည်။

ရလဒ်များ ကွဲပြားနေသော်လည်း AstraZeneca ၏ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဘေးကို တိုက်ဖျက်ရာတွင် လက်ငင်းသက်ရောက်မှု ကြီးမားသော ကာကွယ်ဆေး ဖြစ်လိမ့်မည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ပါစကယ်ဆိုရီရော့က ပြောကြားခဲ့သည်။

AstraZeneca ၏ကာကွယ်ဆေးကို ယခုနှစ်မကုန်မီ သန်း ၂၀၀ နီးပါး ထုတ်လုပ်ရန်နှင့် လာမည့်နှစ် မတ်လမတိုင်မီတွင် သန်း ၇၀၀ ကျော် ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း AstraZeneca က ပြောကြားထားသည်။

AstraZeneca/Oxford ကာကွယ်ဆေးကို သာမန်ရေခဲသေတ္တာ အပူချိန် ၂ ဒီဂရီဆဲစီးယပ်မှ ရှစ် ဒီဂရီ ဆဲစီးယပ်အတွင်း ခြောက်လထက်မနည်း သိုလှောင်ထားနိုင်ပြီး ပို့ဆောင်ဖြန့်ဖြူးနိုင်သောကြောင့် ပြိုင်ဘက် Pfizer/BioNTech ၏ ဆေးထက် သိုလှောင်ဖြန့်ဖြူးရန် လွယ်ကူမည် ဖြစ်သည်။

Pfizer/BioNTech ၏ ကာကွယ်ဆေးသည်-၇၀ ဒီဂရီ ဆဲစီးယပ်တွင် သိုလှောင်ထားရန် လိုအပ်သောကြောင့် အလွန်အေးသော ရေခဲသေတ္တာများ မရှိသည့်နေရာတွင် သိုလှောင်ဖြန့်ချိရန် ခက်ခဲမည်ဖြစ်သည်။ သာမန်ရေခဲသေတ္တာ အပူချိန်ထက် ပို၍အေးသော အပူချိန်တွင် သိုလှောင်ရမည် ဖြစ်သောကြောင့် Pfizer/BioNTech ၏ ကာကွယ်ဆေးကို အသုံးပြုရန် ဝင်ငွေနိမ့်နှင့် အလယ်အလတ်နိုင်ငံများအတွက် ခက်ခဲမှု ရှိနိုင်ကြောင်း စိုးရိမ်နေကြသည်။

AstraZeneca ၏ကာကွယ်ဆေးက သာမန်ရေခဲသေတ္တာများကို အသုံးပြုသိုလှောင်နိုင်သောကြောင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးစရိတ်ကို သက်သာစေမည်ဖြစ်သည်။

AstraZeneca သည် ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ သုံးဘီလျံအထိ ထုတ်လုပ်ရန် စီစဉ်ထားပြီး အမေရိကန်၊ ဥရောပနှင့် ကျန်ကမ္ဘာ့နေရာများတွင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ စောစီးစွာ တည်ထောင်ထားပြီး ဖြစ်သည်။

AstraZeneca သည် ၎င်းတို့၏ကာကွယ်ဆေးကို စျေးသက်သက်သာသာနှင့် ရောင်းချရန် ရောင်းချရန်လည်း စီစဉ်ထားသည်။ ကာကွယ်ဆေးတစ်လုံးလျှင် ၃ ဒေါ်လာခန့်နှင့် ရောင်းချမည်ဖြစ်သည်။ စရိတ်သက်သာသော ကမ္ဘာအတွက် အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း Oxford Vaccine ၏ ဒါရိုက်တာ အင်ဒရူးပိုလက်က ပြောကြားခဲ့သည်။

Most Read

Most Recent