အရှည် ၂၇ ဒသမ ၅ ကီလိုမီတာရှိသည့် ရန်ကုန်မိုးပျံအမြန်လမ်းအပိုင်း (၁) အတွက် ဒေါ်လာသန်း ၈၀၀ ခန့် ကုန်ကျမည်ဟုခန့် မှန်းထားပြီး ကုမ္ပဏီများက တင်သွင်းသည့် စီမံကိန်းအဆိုပြုလွှာစစ်ဆေးမှုများ အတည်ပြုဆုံးဖြတ်ပြီးပါက Preferred Bidder အဖြစ် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း၊ Preferred Bidder ကြေညာနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်းဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့စေရန်နှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၇ ဒသမ ၅ ကီလိုမီတာအရှည်ရှိ ရန်ကုန်မိုးပျံ အမြန်လမ်းအပိုင်း (၁) ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ppp စီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့်စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းအပိုင်း (၁) အတွက် ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမည်ဟုခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း၏ စီမံကိန်းအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်၏အဖွဲ့ဝင်ဖြစ်သော IFC က ဆောင်ရွက်လျက်ရှိပြီး တင်ဒါလုပ်ငန်းများအနေဖြင့် စီမံကိန်းစိတ်ဝင်စားမှုအဆိုပြုလွှာကို ၂၀၁၈ ခုနှစ် မေတွင် ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၅၅ ခုမှ အဆိုပြုလွှာတင်သွင်းခဲ့ကြောင်း၊ စီမံကိန်း အရည်အချင်းစစ်အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ခေါ်ယူခဲ့ရာ Consortium နှင့် ကုမ္ပဏီအဖွဲ့ ၁၂ ဖွဲ့ လျှောက်ထားပြီး အကြိုအရည်အချင်းစစ် အောင်မြင်သည့် ကုမ္ပဏီ ၁၀ ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည်။
တင်သွင်းလာသည့် စီမံကိန်းအဆိုပြုလွှာများ၏ Technical and Financial Proposal အချက်အလက်များကို IFC က အသေးစိတ်စစ်ဆေးခြင်းလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိမှုအစီရင်ခံစာများကို တင်ပြခဲ့ကြောင်း၊ Evaluation Report ပါ အချက်အလက်များကို အဆိုပါအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပြီး အတည်ပြုဆုံးဖြတ်ချက်ရယူသွားမည်ဖြစ်ကြောင်းနှင့် ယင်းဆုံးဖြတ်ချက်များကို အခြေခံပြီး စီမံကိန်း၏ Preferred Bidder အဖြစ် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
ရန်ကုန်မိုးပျံအမြန်လမ်း Phase 1 အဖြစ် အရှေ့ဘက်ခြမ်းလေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွားခြောက်ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာ စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာအရှည်ရှိသည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်းနှင့်အတူ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေးစင်္ကြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။










