COVID ကာလ နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေး အကန့်အသတ်များကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ လက်ရှိဘဏ္ဍာနှစ်သစ်တွင် ယခင်နှစ် ကာလတူထက် လျော့ကျ

COVID ကာလ နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေး အကန့်အသတ်များကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ လက်ရှိဘဏ္ဍာနှစ်သစ်တွင် ယခင်နှစ် ကာလတူထက် လျော့ကျ
မြန်မာ-ထိုင်းနယ်စပ် မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်
မြန်မာ-ထိုင်းနယ်စပ် မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်
Published 18 November 2020
ကိုရွှေသိန်း (မြဝတီ)

မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှ COVID-19 ကာလ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်ရာတွင် နှစ်ဖက် BCF Zone ၌သာ ကုန်ပစ္စည်း အချိန်းအပြောင်းလုပ်ရပြီး အကန့်အသတ်များဖြင့် ကုန်သွယ်ခွင့် ရကြသည့်အတွက် ပို့ကုန်ရော သွင်းကုန်မှာပါ ယခင်နှစ် ကာလတူကထက် လျော့ကျလျက်ရှိကြောင်း သိရသည်။

ဘဏ္ဍာနှစ်သစ်ဖြစ်သော ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ ၁ ရက်မှနိုဝင်ဘာ ၆ ရက် အထိ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃၉၉ သန်းသာ ကုန်သွယ်နိုင်သည့်အတွက် ယခင်နှစ် ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိ ကန်ဒေါ်လာ ၁၁၀ ဒသမ ၁၁၆ သန်းနှင့်နှိုင်း ယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၀၁၀ သန်း ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုလုပ်ဆောင်ရာတွင် ထိုင်း နိုင်ငံဘက်မှရော မြန်မာနိုင်ငံဘက်မှပါ ကုန်ပစ္စည်းကို ထပ်ဆင့်ချိန်းပြောင်း နေရ၍ အချိန်ကြာမြင့်သလို မြန်မာပြောင်းဆန်များကို အခွန်လွတ်တင်ပို့ခွင့်မရခြင်းကြောင့် လည်း ပို့ကုန် လျော့ကျလာကာ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ အမေရိ ကန်ဒေါ်လ ၁၇ ဒသမ ၁၃၂ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ထိုင်းကုန်ပစ္စည်းများ မြန်မာ နိုင်ငံဘက်သို့ တင်သွင်းရာ၌လည်း တစ်လနှင့် ခြောက်ရက်အတွင်း ဒေါ်လာ ၅ဝဒသမ ၂၆၇ သန်းသာ တင်သွင်းနိုင်ခဲ့သည်။

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရာတွင် ထိုင်းနိုင်ငံအစိုးရက နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်သည့် အနေဖြင့် အခွန်နှုန်းကို ၇၅ ရာခိုင်နှုန်းအထိ မြှင့်ထား သည့်အတွက်  မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များ တင်ပို့နိုင်ခြင်းမရှိဘဲ ကြက်သွန်၊ ငရုတ်နှင့် CMP ချုပ်ထည်များကိုသာ တင်ပို့လျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြည်တွင်းစျေးကွက်၌ ဝယ်လိုအား လျော့ကျနေသော ထိုင်းကုန်စည် တင်သွင်းမှုမှာလည်း လျော့ကျလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက်ကုန် ငရုတ်သီးများ ထိုင်းနိုင်ငံဘက်သို့ တင်ပို့သူ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက “ယခင်က ကိုယ့်ဂိုဒေါင်နဲ့ကိုယ်ဆိုတော့ ပြဿနာမရှိဘူး။ ခုကတော့ အရမ်းအခက်အခဲရှိတယ်။ ကုန်တင်ကုန်ချ နှောင့်နှေးသလို ပျက်စီးတာတွေရှိတယ်။ ယခင်လိုတော့ ကုန်စည်စီးဆင်းမှု မရှိနိုင်တော့ဘူး။ ပြောမယ်ဆိုရင်တော့ ကုန်သွယ်မှု လျော့လာနိုင်တာပေါ့” ဟုပြောကြားခဲ့သည်။

COVID-19 အရေးပေါ်ကာလအဖြစ် မတ် ၂၁ ရက်မှ စတင်၍ ချစ်ကြည်ရေးတံတားပေါ်မှ ခရီးသည်သွားလာမှု ကန့်သတ်ထား သော်လည်း ကုန်စည်စီးဆင်းမှု မပြတ် တောက ်စေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ၊ နယ်စပ်ကုန်သည်များက ညှိနှိုင်း၍ အမှတ် (၂ ) ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုကို ခွင့်ပြုထားသော်လည်း မြန်မာ့ လယ်ယာထွက်ကုန် ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိသာ တင်ပို့ရပြီး ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန်နှင့် တိုက်ဆိုင်သည့်အတွက် နိုင်ငံသား အကျိုးစီးပွား ကာကွယ်သည့် အနေဖြင့် အခွန်နှုန်းများစွာ မြှင့်ထားခြင်းကြောင့် ယခုအခါ ပြောင်းဆန်များ တင်ပို့နိုင်ခြင်း မရှိကြောင်း သိရသည်။

မဟာမဲခေါင်ဒေသ တစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေမည့် မြဝတီ- မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး ကုန်သွယ်တံတားကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကုန်သွယ်မှု ပိုမိုမြင့်တက်လာမည် ဖြစ်သလို တရားမဝင် ကုန်သွယ်မှု လျော့ကျလာနိုင်မည်ဟုလည်း ဆိုကြသည်။

ယခုအခါ COVID-19 ကာလ အကန့်အသတ်များနှင့်အတူ နယ်စပ်ဖြတ်ကျော် စက်လှေဂိတ်များ ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent