မြန်မာနိုင်ငံအနေဖြင့် အားကောင်းသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကိုရရှိရန်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပိုမိုနက်ရှိုင်းစွာပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ပဋိပက္ခကြားမှ စီးပွားရေး အသွင်းကူးပြောင်းမှု အစီရင်ခံစာတွင် သုံးသပ်ထားသည်။
မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန်နှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်အတွက် စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ စီမံအုပ်ချုပ်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ယခုအချိန်အတထိ မြန်မာနိုင်ငံသည် အခြေခံအကျဆုံးသော အပိုင်းများတွင် တည့်မတ်လာအောင် မှန်ကန်စွာ ဦးတည်စူးစိုက် ဆောင်ရွက်လာနိုင်ခဲ့သည်။ ယင်းက အကျိုးရလဒ်များကို ချက်ချင်းလက်ငင်း ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
ဘဏ္ဍာရေး လိုငွေပြမှုများကို လျှော့ချခြင်းနှင့် အဆိုပါ လိုငွေပြမှုများအား လျော့နည်းအောင် သီးခြားလွတ်လပ်မှုရှိသည့် ဗဟိုဘဏ်မှ ပံ့ပိုးဆောင်ရွက်ခြင်းများက ငွေကြေးဖောင်းပွမှုကို လျော့နည်းစေပြီး ငွေလဲနှုန်း တည်ငြိမ်စေသည်။ ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုကဲ့သို့သော ကဏ္ဍများအား ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးခြင်းနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းတို့သည် ကုန်သွယ်ရေး လိုငွေပြမှုကို လျော့နည်းစေခဲ့ပြီး အလုပ်အကိုင်ရရှိမှု တိုးပွားလာကာ အမျိုးအစား ပိုမိုများပြား စုံလင်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအား ပိုမိုသက်သာသော စျေးနှုနး်များဖြင့် ရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။
သို့သော် ရေရှည်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ် ဆက်လက် ရရှိသွားစေရန်အတွက် အဆိုပါ အခြေခံအုတ်မြစ်များကို ပိုမိုခိုင်မာအောင် တည်ဆောက်ကာ ထိုအုပ်မြစ်များပေါ်တွင် အားပြု၍ ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ အခြေခံ အဆောက်အအုံ ပံ့ပိုးမှုနှင့် ထိရောက်သော စျေးကွက်များအတွက် ဒုတိယမျိုးဆက် ပြုပြင်ပြောင်းလဲရေးများသည် ပိုမိုခက်ခဲမည်ဖြစ်သည်။ သို့သော် ရရှိမည့် အကျိုးကျေးဇူးများမှာလည်း ပို၍ရေရှည်ခံနိုင်မည် ဖြစ်သည်။
ထိုပြုပြင်ပြောင်းလဲမှုများကို ဥပမာပြရလျှင် လျှပ်စစ်မီတာခများအား ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိနိုင်သည်အထိ တိုးမြှင့်ကောက်ခံသည့် တစ်ချိန်တည်းတွင် ဝင်ငွေနည်းသော လျှပ်စစ်အသုံးပြုသူ များကိုလည်း ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဘဏ်လုပ်ငန်း၊ အာမခံနှင့် လက်လီရောင်းဝယ်ရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား စနစ်တကျ စည်းကမ်းထိန်းသိမ်း ဆောင်ရွက်စေခြင်း၊ ဘဏ်အတိုးနှုန်းများ ထိန်းချုပ်သတ်မှတ်မှုအား တဖြည်းဖြည်းချင်း ဖြေလျှော့ပေးခြင်းတို့ဖြစ်သည်။
အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် ပုဂ္ဂလိက ကဏ္ဍအား ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အားပေးမြှင့်တင်ပေးခြင်းနှင့် ပြည်သူများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ဝန်ဆောင်မှုများ၊ စျေးကွက်များဖြင့် ချိတ်ဆက်ပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်နှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်အတွက် စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ စီမံအုပ်ချုပ်မှုကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခြင်းအတွက် တိုးတက်အောင် လုပ်ဆောင်ရမည့် မူဝါဒ နယ်ပယ်အတွက် ကမ္ဘာ့ဘဏ်၏ အကြံပြုချက်များမှာ ဘဏ္ဍာရေး ဟန်ချက်ညီမှုနှင့် မေခရိုစီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းအတွက် နိုင်ငံတော်၏ အခွန်ဘဏ္ဍာ တိုးပွားအောင် ဆောင်ရွက်ရန်၊ အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခြင်းနှင့် ပိုမိုထိရောက်စွာ သုံးစွဲရန်၊ မေခရို ငွေရေးကြေးရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို စီမံကိုင်တွယ်ရန်၊ သင့်လျော်ကောင်းမွန်သော၊ ထိရောက်သော အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေး စနစ်တစ်ခု တည်ထောင်ခြင်းအတွက် ဘဏ္ဍာရေး တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ ငွေရေးကြေးရေး လက်လှမ်းမီမှုရရှိအောင် ဆောင်ရွက်ပေးရန်၊ ငွေရေးကြေးရေး စျေးကွက်အား တိုးချဲ့ရန်၊ စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံ၊ လည်ပတ်နိုင်စေမည့် အခြေအနေများကို ပိုမိုဖန်တီး ပံ့ပိုးပေးခြင်းအတွက် ရင်းနှီးမြှုပ်နှံမှု မူဝါများနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့၏ အစပ်အဟပ်မိမှု အားကောင်းအောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာ စျေးကွက်များနှင့် ချိတ်ဆက်မှု ပေါင်းစည်းဝင်ရောက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အားလုံး ပါဝင်နိုင်မှုကို အားပေးမြှင့်တင်ရန်၊ အခြေခံ အဆောက်အအုံနှင့် နည်းပညာ ကွာဟချက်များကို ဖြည့်ဆည်းခြင်းအတွက် သယ်ယူပို့ဆောင်ရေး ကွန်ရက်များကို တိုးချဲ့ရန်နှင့် တိုးတက်ကောင်းမွန်အောင် လုပ်ရန်၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာပြည်သူများအားလုံး အရည်အသွေးရှိသော လျှပ်စစ်စွမ်းအင် ဝန်ဆောင်မှုများ ရရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ အလုပ်အကိုင်များအတွက်နှင့် စတုတ္ထ စက်မှုတော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးပံ့ပိုးရန်၊ ကျေးလက်ဒေသများတွင် ဝင်ငွေဖန်တီးမှု အခွင့်အလမ်းများနှင့် လက်လှမ်းမီမှုများ တိုးပွားလာအောင ဆောင်ရွက်ပေးခြင်းအတွက် ကုန်ထုတ်စွမ်းအားနှင့် ထုတ်ကုန် အမျိုးမျိုး ပြောင်းလဲထုတ်လုပ်မှုတို့ တိုးတက်လာအောင် ဆောင်ရွက်ရန်၊ ယှဉ်ပြိုင်မှုများကို အားပေးမြှင့်တင်ရန်၊ အရင်းအမြစ်များအား ကျေးလက်နေ ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ညှိနှိုင်းပံ့ပိုးရန်တို့ဖြစ်သည်။










