ကပ်ရောဂါ သက်ရောက်မှုကြောင့် အလုပ်လက်မဲ့ဦးရေ တိုးပွားလာပြီး မြန်မာ့စီးပွားရေး အခြေအနေမှာလည်း အကြီးမားဆုံး စိန်ခေါ်မှုများကို ကြုံတွေ့နေရကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ ကုန်သည်အသင်းများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ၎င်းကာလအလွန် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်း လက်ရှိကိုဗစ်ရောဂါ အခြေအနေများ၊ ကပ်ရောဂါ သက်ရောက်မှုကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ CMP လုပ်ငန်းများ၊ ပို့ကုန်လုပ်ငန်းများ၊ လက်လီလက္ကား ကဏ္ဍများတွင် ထိခိုက်မှု အများဆုံးဖြစ်ကြောင်း၊ ကပ်ရောဂါ ကာလအတွင်း အလုပ်လက်မဲ့ လူဦးရေ တိုးပွားလာခြင်း၊ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုများ ရှိနေပြီး မြန်မာ့စီးပွားရေး အခြေအနေမှာလည်း အကြီးမားဆုံး စိန်ခေါ်မှုများ ကြုံတွေ့နေကာ ယင်းစိန်ခေါ်မှုများအား အသွင်ပြောင်း၍ အနာဂတ်တွင် အခွင့်အလမ်း အသစ်များ ရှာဖွေရန် လိုအပ်ကြောင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆွေးနွေးပြောကြားသည်။
အစည်းအဝေးတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ဥရောပ၊ ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ ကုန်သည်စက်မှု အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ကိုဗစ်ကာလ ကျန်းမာရေး အခြေအနေများ၊ စီးပွားရေး အခြေအနေများ၊ ပြည်တွင်းလေကြောင်းလိုင်း အခြေအနေများ၊ အစိုးရ၏ CERP Plan အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ မူဝါဒပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ အလုပ်သမားရေးရာ ကိစ္စရပ်များ၊ မြန်မာအစိုးရနှင့် နိုင်ငံတကာ ကုန်သည်အသင်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး လုပ်ငန်းများအတွက် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အလားအလာများအား ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါက်တာမောင်မောင်လေး၊ ဦးသောင်းတင်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများဖြစ်သည့် ဦးမျိုးသန့်၊ ဒေါ်ခိုင်ခိုင်နွယ်၊ ဦးအောင်စိုးသာ၊ ဒေါက်တာဝင်းစည်သူ၊ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဗဟိုအလုပ် အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်ဟု ကုန်သည်စက်မှု အသင်းချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။










