RCEP စာချုပ်အဖွဲ့ဝင် ၁၅ နိုင်ငံအကြား စီးပွားရေးအရ ပိုမိုဆောင်ရွက်နိုင်သည့် အခွင့်အလမ်းရရှိမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ကမ္ဘာ့ထုတ်လုပ်မှုကွန်ရက်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်

RCEP စာချုပ်အဖွဲ့ဝင် ၁၅ နိုင်ငံအကြား စီးပွားရေးအရ ပိုမိုဆောင်ရွက်နိုင်သည့် အခွင့်အလမ်းရရှိမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ကမ္ဘာ့ထုတ်လုပ်မှုကွန်ရက်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်
Published 18 November 2020
နီလာ

RCEP စာချုပ်အဖွဲ့ဝင် ၁၅ နိုင်ငံအကြား စီးပွားရေးအရ ပိုမိုဆောင်ရွက်နိုင်သည့် အခွင့်အလမ်းရရှိမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ကမ္ဘာ့ထုတ်လုပ်မှုကွန်ရက်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားခဲ့သည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) ဆိုသည်မှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ယင်း၏ ဆွေးနွေးဖက် ခြောက်နိုင်ငံ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်စေ့စပ် ညှိနှိုင်းခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်တစ်ခု ဖြစ်သည်။

အဆိုပါစာချုပ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ ပါဝင်သည့်အတွက် COVID-19 အလွန် ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာ့ပို့ကုန်များအတွက် ပိုမိုကျယ်ပြန့်သည့် စျေးကွက်ကို ရရှိစေမည်ဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ ရရှိစေမည် ဖြစ်သည်။

အထူးသဖြင့် COVID-19 အလွန် ကာလတွင် နည်းပညာကို အခြေခံသည့် ဒစ်ဂျစ်တယ်စီးပွားရေးသို့ အသွင်ကူးပြောင်းရာတွင် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို အဆိုပါစာချုပ်ပါ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအခန်းပါ သဘောတူညီချက်များနှင့်အညီ ရယူဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

RCEP သည် အာဆီယံအဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ခြောက်နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသော ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ် တစ်ခုဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိပြီး ကမ္ဘာ့စီးပွားရေး၏ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်အတွက် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လာရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံက RCEP တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော စျေးကွက်သို့ မြန်မာ့ပို့ကုန်များကို အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

RCEP ကို လက်ရှိ အာဆီယံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်များထက် ပိုမိုခေတ်မီပြီး ပြည့်စုံ၍ အရည်အသွေးမြင့်မား၍ အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော စျေးကွက်သို့ မြန်မာ့ပို့ကုန်များ အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည့်အပြင် အဆိုပါစာချုပ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍလည်း ပါဝင်သဖြင့် မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း  သိရသည်။

Most Read

Most Recent