အစိုးရ၏ COVID-19 အရေး ကိုင်တွယ်မှုနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများ၏ ကျေနပ်အားရမှုနှုန်းမှာ ၃၄ ရာခိုင်နှုန်းမှ ၇၄ ရာခိုင်နှုန်းရှိပြီး ပျမ်းမျှ ၇၁ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်ထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် မတ်လစ၍ မြန်မာနိုင်ငံတွင် ရင်ဆိုင်လာရသည့် COVID-19 ကပ်ရောဂါကာလအထိ ၂၀၂၀ နိုဝင်ဘာလအထိ ပြင်းထန်စွာဆက်လက်ခံစားနေခြင်းဖြစ်ပြီး အစိုးရ၏ COVID-19 ကပ်ရောဂါ ကိုင်တွယ်မှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများ၏ ကျေနပ်အားရမှုနှုန်းသည် အသေးစားလုပ်ငန်းများတွင် ၇၃ ရာခိုင်နှုန်း၊ အငယ်စားလုပ်ငန်းများတွင် ၆၇ ရာခိုင်နှုန်း၊ အလတ်စားလုပ်ငန်းများတွင် ၇၄ ရာခိုင်နှုန်း၊ အကြီးစားလုပ်ငန်းများတွင် ၃၄ ရာခိုင်နှုန်းရှိပြီး ပျမ်းမျှ ၇၁ ရာခိုင်နှုန်းရှိခြင်းဖြစ်သည်။
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းအများအပြားသည် ငွေသား စီးဆင်းမှုမရှိတော့ခြင်း၊ ချေးငွေရရှိနိုင်မှု အလားအလာ လျော့နည်းသွားခြင်းတို့ကို အများဆုံးရင်ဆိုင်နေရပြီး အထူးသဖြင့် COVID-19 ပထမလှိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ၊ COVID-19 ဒုတိယလှိုင်းတွင် ဝန်ဆောင်မှုလုပ်ငန်းများ အထိနာဆုံးဖြစ်သည်။
စီးပွားရေးလုပ်ငန်းများ COVID-19 ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး မြန်မာနိုင်ငံအနှံ့ လုပ်ငန်းအမျိုးအစားအားလုံး၏ ၉၃ ရာခိုင်နှုန်း ထိခိုက်ခံစားလာရကြောင်း ကမ္ဘာ့ဘဏ်၏နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက် မှ အောက်တိုဘာ ၁ ရက်အတွင်း ကောက်ယူထားသည့် COVID-19 ကပ်ရောဂါ သက်ရောက်မှုစောင့်ကြည့်လေ့လာရေးစစ်တမ်းအရ မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းများအားလုံးနီးပါးသည် ပိုမိုဆိုးရွားလာသည့် ရိုက်ခတ်မှုဒဏ်ကို ခံစားလာရပြီး သြဂုတ်လအတွင်း စစ်တမ်းအရ ၇၅ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားလာခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်က COVID-19 ကပ်ရောဂါ သက်ရောက်မှုစောင့်ကြည့်လေ့လာရေးစစ်တမ်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း ခုနစ်ကြိမ်ကောက်ယူရန် စီစဉ်ထားပြီး အောက်တိုဘာလကုန်အထိိ စစ်တမ်းလေးကြိမ် ကောက်ယူထားပြီးဖြစ်သည်။ စစ်တမ်းအရ တစ်ကြိမ်နှင့် တစ်ကြိမ် ထိခိုက်မှုပိုမိုဆိုးရွားလာပြီး စစ်တမ်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ကျပန်းစီးပွားရေးလုပ်ငန်းများပါဝင်သည့် လုပ်ငန်းပေါင်း ၅၀၀ ကို မေးမြန်းကောက်ယူထားခြင်းဖြစ်သည်။
နောက်ဆုံးကောက်ယူထားသည့် စစ်တမ်းအရ ယာယီပိတ်သိမ်းထားသော လုပ်ငန်းများမှာ စိုက်ပျိုးရေးကဏ္ဍတွင် ခုနစ်ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ၁၂ ရာခိုင်နှုန်း၊ လက်လီနှင့် လက်ကားအရောင်း လုပ်ငန်းကဏ္ဍတွင် ၁၉ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ၄၃ ရာခိုင်နှုန်းအထိ ရှိသည်။ စိုက်ပျိုးရေးကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍများသည် ယာယီပိတ်သိမ်းရသည့်လုပ်ငန်း အရေအတွက် များပြားလာလျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများမှာ အခြေအနေဆိုးရွားစွာ ထိခိုက်လျက်ရှိသည်။
ဒေသအလိုက်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီပိတ်သိမ်းထားရသည့်လုပ်ငန်း ၄၃ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၁ ရာခိုင်နှုန်းအထိရှိပြီး တစ်နိုင်ငံလုံးတွင် ယာယီပိတ်သိမ်းထားရသည့် လုပ်ငန်း ၁၈ ရာခိုင်နှုန်းအထိ ရှိလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် COVID-19 ဒုတိယလှိုင်း သက်ရောက်မှုအနေဖြင့် စက်တင်ဘာတွင် ရောင်းအားကျဆင်းသွားခြင်း ၉၀ ရာခိုင်နှုန်းကျော်၊ ငွေသားစီးဆင်းမှုမရှိတော့ခြင်း ၃၀ ရာခိုင်နှုန်းကျော်၊ ချေးငွေရရှိနိုင်မှု အလားအလာလျော့နည်းသွားခြင်း ၂၀ ရာခိုင်နှုန်းကျော်၊ သွင်းအားစုများနှင့် ကုန်ကြမ်းပစ္စည်း ပြတ်လပ်ခြင်း ၂၀ ရာခိုင်နှုန်းကျော်၊ ချေးငွေများနှင့် အခြားသောလုပ်ငန်းဆိုင်ရာကြွေးမြီများ ပြန်ဆပ်ရန်ခက်ခဲခြင်း ၂၅ ရာခိုင်နှုန်းကျော်၊ လူမွဲခံယူရန်လျှောက်ထားခြင်း ၁၀ ရာခိုင်နှုန်းကျော်၊ အလုပ်သမားလျှော့ချခြင်း ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိလာသည်။ သြဂုတ်လနှင့်နှိုင်းယှဉ်ပါက ငွေသားစီးဆင်းမှု အနည်းငယ်မြင့်တက်လာသည်မှလွဲ၍ ကျန်အချက်များတွင် ပိုမိုဆိုးရွားပြင်းထန်လာခြင်း ဖြစ်သည်။
မြန်မာစီးပွားရေးလုပ်ငန်းများသည် COVID-19 ဒုတိယလှိုင်းကြောင့် အမြတ်ငွေ လျော့နည်းသွားသည့်ပမာဏသည် စစ်တမ်းအရ ၆၀ ရာခိုင်နှုန်းကျော်မှ ၇၀ ရာခိုင်နှုန်းကျော်အထိရှိသည်။ ထို့ပြင် လာမည့် သုံးလအတွင်း ကြွေးပြန်မဆပ်နိုင်သည့် အခြေအနေရောက်ရှိနိုင်သည်ဟု ယူဆထားသော လုပ်ငန်းများမှာလည်း ၂၀ ရာခိုင်နှုန်းကျော်မှ ၅၀ ရာခိုင်နှုန်းကျော်အထိရှိနေကြောင်း သိရသည်။










