ကချင်ဒေသခံများ၏ ထောက်ခံမှုရသော်လည်း ရွှေ့ပြောင်းနေထိုင်သူများ၏ ဆန္ဒမဲကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

ကချင်ဒေသခံများ၏ ထောက်ခံမှုရသော်လည်း ရွှေ့ပြောင်းနေထိုင်သူများ၏ ဆန္ဒမဲကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်  မြစ်ကြီးနားမြို့နယ်ရှိ မဲရုံတစ်ခု၌ မဲပေးရန်  စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်  မြစ်ကြီးနားမြို့နယ်ရှိ မဲရုံတစ်ခု၌ မဲပေးရန်  စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
Published 14 November 2020
ဉာဏ်လင်းထွန်း

ကချင်ပြည်နယ် ဒေသခံများ၏ ထောက်ခံမှုရသော်လည်း ရွှေ့ပြောင်းနေထိုင်သူများ၏ ဆန္ဒမဲကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်သည်ဟု သုံးသပ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လေးဦး အနိုင်ရရှိခဲ့သည်။

“ဗမာလူအများစု Migrant Workers တွေ New Migration တွေနဲ့ ရှုံးနိမ့်တဲ့အချက်တွေဖြစ်ပါတယ်။ ကချင်ပြည်နယ် ပြည်သူ့ပါတီကို ပြည်သူလူထုက တစ်ခဲနက်ထောက်ခံတယ်ဆိုတဲ့ဟာကို ငြင်းစရာအကြောင်း မရှိပါဘူး” ဟု KSPP ပါတီပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ရွေးကောက်ပွဲကို ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ လေးဦးစလုံး ဝင်ရောက်ယှဉ်ပြိုင်သော်လည်း အင်ဂျင်းယန်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ယှဉ်ပြိုင်သည့် ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာသာ အနိုင်ရရှိပြီး ဒုတိယဥက္ကဋ္ဌလေးဦး ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည်။

“ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒီဟာကို အနိုင်ယူတယ်။ ဖားကန့်မှာလည်း ဒီအတိုင်းပဲ၊ တနိုင်းမှာလည်း ဒီအတိုင်းပဲ။ ဘာမှနိုင်စရာအကြောင်းမရှိဘူး” ဟု KSPP ပါတီဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အားလုံးလက်ခံနိုင်သည့် ကော်မရှင်အဖြစ် ပြန်လည်ဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ခြင်းကိုလိုလားပြီး ထိုသို့မဟုတ်ပါက ယှဉ်တွဲနေထိုင်မှုအပေါ်တွင် ပြန်လည်သုံးသပ်ရမည်ဟု ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁၊ မကြာသေးမီက ပြင်ဆင်ခဲ့သည့် ရက် ၉၀ နည်းဥပဒေကိစ္စရပ်တို့ကိုလည်း ပြင်ဆင်ရန် လိုအပ်သည်ဟု ၎င်းက သုံးသပ်သည်။

“ ဒါက ရှုံးစရာလည်း အကြောင်းမရှိဘူး။ ကချင်ပြည်နယ်မှာ ကချင်တွေ နိုင်ရမှာပဲ။ ဒါပေမဲ့ ရှုံးနေတယ်။ ဆက်လက်ပြီးမှလည်း ဒီလိုမျိုးလုပ်တယ်ဆိုရှုံးမှာပဲ။ ဒါဆို ကျွန်တော်တို့က ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုမျိုးယှဉ်တွဲနေထိုင်ရမလဲဆိုတဲ့ဟာကို ပြန်သုံးသပ်ရမဲ့ အပိုင်းတွေ ဖြစ်ပါတယ်” ဟု ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

KSPP ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းသည် ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့ပြီး ဆန္ဒမဲ ၉၄ မဲ အကွာဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။

မဲဆန္ဒနယ်အတွင်း ရွှေ့ပြောင်းလုပ်သားများရှိခြင်းအပါအဝင် တပ်မတော်သား မဲဆန္ဒရှင်များ၏ ဆန္ဒမဲကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည်ဟု ၎င်းက ဆိုသည်။

KSPP ပါတီသည် ကချင်ပြည်နယ်အတွင်းရှိ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နှင့် မိုးမောက်မြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် သုံးနေရာ စုစုပေါင်း မဲဆန္ဒနယ် လေးနေရာ အနိုင်ရခဲ့သည်။

ကချင်နိုင်ငံရေးပါတီ လေးပါတီပေါင်းစည်းတည်ထောင်ထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ၂၀၁၉ ခုနှစ် ဧပြီတွင် ပါတီတည်ထောင်ခွင့်ရရှိခဲ့ပြီး ဇွန်လတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိခဲ့သည်။

ကချင်ပြည်နယ်အတွင်း မဲဆန္ဒနယ် အများစုအနိုင်ရပါတီမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဖြစ်ပြီး ဒုတိယအများစု အနိုင်ရပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်သည်။

Most Read

Most Recent