အာဏာရှင်စနစ်မှ လုံးဝဒီမိုကရေစီစနစ် ဖြစ်အောင်လုပ်နေသော လုပ်ငန်းသည်မပြီးသေးသဖြင့် NLD ပါတီက အပြတ်အသတ်နိုင်ရန် လိုခြင်းဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အာဏာရှင်စနစ်မှ လုံးဝဒီမိုကရေစီစနစ် ဖြစ်အောင်လုပ်နေသော လုပ်ငန်းသည်မပြီးသေးသဖြင့် NLD ပါတီက အပြတ်အသတ်နိုင်ရန် လိုခြင်းဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 20 October 2020
ဉာဏ်လင်းထွန်း

အာဏာရှင်စနစ်မှ လုံးဝဒီမိုကရေစီစနစ် ဖြစ်အောင်လုပ်နေသော လုပ်ငန်းသည်မပြီးသေးသဖြင့် NLD ပါတီက အပြတ်အသတ်နိုင်ရေးသည် လက်တွေ့ကျကျလိုခြင်းဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဒေသခံခြောက်ဦးနှင့် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် အွန်လိုင်းစကားဝိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစကားဝိုင်းတွင် ကရင်လူငယ်တစ်ဦးဖြစ်သူ ကိုရဲဟိန်းသူထက်က ယခင်က ကရင်ပါတီကို မဲပေးရန် အစီအစဉ်ရှိသော်လည်း အပေါင်းအသင်းများနှင့် ဆွေးနွေးမှုအပြီးတွင် နိုင်ငံရေးကောင်းစွာ လုပ်နိုင်သည့်    အမျိုးသားရေးကသာ ကောင်းစွာလုပ်နိုင်မည်ဟု ထင်မြင်၍ NLD ကို မဲပေးရန် စဉ်းစားထားကြောင်း ပြောကြားသည်။

ထိုသို့ဆွေးနွေးမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအရေး လုပ်ဆောင်ရမည်ဖြစ်သော်လည်း ပြည်ထောင်စုအရေးက တိုင်းရင်းသားအရေး အထက်တွင်ရှိသည်ကို သဘောပေါက်စေလိုကြောင်းနှင့် ပြည်ထောင်စုသည် တိုင်းရင်းသားအားလုံးနှင့် ထူထောင်ထားသည့် ပြည်ထောင်စုဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

တိုင်းရင်းသားပါတီများကို အင်အားချိနဲ့အောင် လုပ်ဆောင်လိုခြင်း မဟုတ်သလို၊ မည်သည့်ပါတီနှင့်မျှ ယှဉ်ပြိုင်နေခြင်း မဟုတ်ကြောင်း စနစ်တစ်ခုကိုသာ ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အမေတို့က အာဏာရှင်စနစ်ကနေ လုံးဝဒီမိုကရေစီစနစ်ဖြစ်အောင်လို့လုပ်နေတာ။  မရောက်သေးဘူး။ ကျန်သေးတယ်။ ဒီလုပ်ငန်းမပြီးသေးလို့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ဖို့ လိုပါတယ်ဆိုတာ လက်တွေ့ကျကျကို လိုတာ။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းဆိုတဲ့ အကန့်အသတ်ကြီးကို ကျော်လွှားဖို့က အပြတ်အသတ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အတူ NLD ပါတီကိုအချို့က ဗမာပါတီဟု သတ်မှတ်ကြပြီး ထိုသို့မဟုတ်ကြောင်း၊ နိုင်ငံတွင် ဗမာအများစုရှိ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထူထောင်ထားသည့်ပါတီတွင် ဗမာတိုင်းရင်းသားက  အများစုဖြစ်မည်မှာ ငြင်း၍ မရဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“သို့သော်ငြားလည်း ဘယ်တုန်းကမှ အမေတို့က ဗမာပါတီအနေနဲ့ ထူထာင်ခဲ့တာ မဟုတ်ဘူး။ ပြည်ထောင်စုပါတီအနေနဲ့ ထူထောင်ခဲ့တာ။ အဲဒါကိုတော့ သားတို့လူငယ်တွေကနေ အထူး နှလုံးသွင်းပြီးတော့ ဒီသဘောထားတွေ ပြန့်အောင် လုပ်ပေးဖို့လိုတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုကို ဥပမာပေးပြီး ယင်းပြည်ထောင်စု၏ မည့်သည့် ပြည်နယ်၊ မည်သည့် မြို့နယ်တွင်မျှ အမျိုးသားရေးကို အခြေခံစည်းရုံးမှုများ မရှိကြောင်း၊ လူမျိုးပေါင်းစုံဖြင့်ဖွဲ့ စည်းထားသည့် ယင်းနိုင်ငံတွင် ပါတီကြီး နှစ်ခုဖြင့် ရာစုနှစ်ချီ အလုပ်လုပ်ခဲ့ပြီး အောင်မြင်စွာလည်း လုပ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က စကားဝိုင်း၌ ကော့မှူးဒေသခံတစ်ဦးနှင့် ဆွေးနွေးမှုတွင်လည်း COVID-19 ရောဂါကို အောင်နိုင်ချင်သလို၊ ရွေးကောက်ပွဲကိုလည်း အောင်နိုင်လိုကြောင်း ပြောကြားခဲ့သည်။

အလားတူ COVID-19 အကန့်အသတ်များကြားမှ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရသည့် အနေအထားတွင် NLD ပါတီကိုယ်စားလှယ်များ မည်သို့မှားယွင်းမှုရှိကြောင်း၊ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း ပြောဆိုမှုများရှိ၍ ပါတီအနေဖြင့် အထူးသတိထားဆောင်ရွက်နေရသည်ဟု NLD ပါတီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားည်။

“ တစ်ချို့တွေက ပြည်သူကြားထဲမှာ စည်းရုံးရေးမဆင်းဘူး။ ပြည်သူတွေရဲ့ စိတ်နှလုံးသားကို ဆွဲဆောင်ဖို့ ဘာမှမကြိုးစားဘဲနဲ့ NLD ကို ဘယ်လို အပြစ်ရှာရမလဲဆိုတာပဲကြည့်ပြီး လုပ်နေကြတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 ကူးစက်ပြန့်ပွားမှု မရှိစေရန် တားမြစ်ချက်ဖြစ်သည့် တစ်ဦးနှင့် တစ်ဦး ခြောက်ပေကွာစေခြင်းသည် လွန်ခဲ့သော ခြောက်လအတွင်းမှာမှ ဖြစ်ပေါ်လာသည့် စည်းကမ်းချက်ဖြစ်၍ တစ်ခါတစ်ရံ မရည်ရွယ်ဘဲ  မလိုက်နာမိခြင်းများ ရှိနိုင်ပြီး အခြားပါတီများလည်း ထိုနည်းလည်းကောင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent