လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် မည်သည့်ဖိအားမျှမရှိဘဲ ဆောင်ရွက်ရမည့်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် မည်သည့်ဖိအားမျှမရှိဘဲ ဆောင်ရွက်ရမည့်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 20 October 2020
အောင်မင်းသိန်း

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် မည်သည့်ဖိအားမျှမရှိဘဲ ဆောင်ရွက်ရမည့် တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

အောက်တိုဘာ ၂၀ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအခမ်းအနားတွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပနိုင်မည်ဟု အာမခံနိုင်ပါသလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးမြင့်နိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ဖိအားတွေ၊ အခက်အခဲတွေတော့ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ ကော်မရှင်က စောစောက ကြေညာထားတဲ့အတိုင်းပဲ စံငါးချက်ပေါ့လေ။ စံငါးချက်နဲ့အညီပဲ ကျွန်တော်တို့ဆောင်ရွက်မယ်။ ကနေ့လည်း အဲဒီလိုဆောင်ရွက်မယ်။ သို့သော်လည်းပဲ အခုကတော့ ကျွန်တော်တို့က COVID-19 ရောဂါနဲ့ ကြုံကြိုက်လာတဲ့အခါကျတော့ ကျွန်တော်တို့မှာ ပိုပြီးတော့ အလေးထား ဂရုစိုက်ရတာပေါ့။ ပိုပြီးတော့လည်း တာဝန်တွေ ကြီးပါတယ်။ အဲဒီလို တာဝန်တွေကြီးတဲ့ ကြားထဲက ကျွန်တော်တို့ သည် မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်ပြီးတော့ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ စောစောက စံငါးချက်မျိုးနဲ့ပဲ အညီဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့မှာတော့ ဘယ်လိုမှ ဖိအားတွေ၊ ဘာတွေ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ထမ်းဆောင်ရမယ့် လုပ်ငန်း၊ တာဝန်ကြီးကို ကျေပွန်အောင် ဆောင်ရွက်သွားမယ်လို့ပဲ သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးသည့်နေရာတွင် ၎င်းတို့ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းများကို မဲရုံတွင်ဖြစ်စေ၊ ကြိုတင်မဲပေးခြင်းဖြင့်ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများ ကြိုက်နှစ်သက်သည့်အတိုင်း ဆန္ဒပြုခွင့်၊ ဆန္ဒမဲပေးခွင့်ရမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

ဦးမြင့်နိုင်က “အဲဒီတော့ မဲပေးတဲ့နေရာမှာ မဲဆန္ဒရှင်တွေက သူကြိုက်တဲ့ကိုယ်စားလှယ်လောင်းကို သူ့ဘာသာသူ မဲရုံမှာ ဖြစ်စေ၊ ကြိုတင်မဲပေးခြင်းဖြစ်စေ၊ သူကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုကြရမယ်၊ ဆန္ဒပြုခွင့်ရမယ်၊ ဆန္ဒပေးလို့ရမယ်။ အဲဒီသူတို့ရဲ့ ဆန္ဒပေးလိုက်တဲ့အတိုင်းပဲ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးလိုက်မယ်ဆိုရင် ဒါဟာလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကြီးပဲ ဖြစ်မှာပဲလေ” ဟု ပြောကြားသည်။

COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း၌ ရွေးကောက်ပွဲကျင်းပခြင်းဖြစ်သော်လည်း မဲဆန္ဒရှင်များ လွတ်လပ်မျှတစွာနှင့် ဆန္ဒမဲပေးနိုင်ရန်၊ ဘေးကင်းလုံခြုံစွာနှင့် ဆန္ဒမဲပေးနိုင်ရန်အတွက် လိုအပ်သည့် အစီအမံများကို ချမှတ်ထားပြီးဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“ မဲဆန္ဒရှင်တွေအနေနဲ့ စိတ်ချလက်ချ လာရောက်ကြပါ၊ မဲရုံလာရောက်ပါ။ ကိုယ်ကြိုက်တဲ့လူ၊ ကိုယ်ကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ထောက်ခံဆန္ဒမဲပေးပါ။ ပယ်မဲတွေ မဖြစ်ပါစေနဲ့။ ဘယ်ဟာ ပယ်မဲ၊ ဘယ်ဟာ ခိုင်လုံမဲဆိုတာ ကြေညာထားတယ်။ အဲဒီအတိုင်း ပယ်မဲမဖြစ်ရေးအတွက် ဆန္ဒမဲပေးကြပါ။ အဲဒီဆန္ဒမဲလက်မှတ်ကိုလည်းပဲ မှန်မှန်ကန်ကန်ပေးတဲ့ ဆန္ဒမဲလက်မှတ်ကို ကျွန်တော်တို့ ထုတ်ဖော်ကြေညာသွားပါမယ်။ ဒါဆို ကျွန်တော်တို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကြီးပဲ ဖြစ်မှာပါပဲ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

Most Read

Most Recent