၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေများကို ထုတ်ပြန်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ သဘောထားမှတ်ချက်များလည်း ပါဝင်၍ သုံးသပ်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။
အောက်တိုဘာ ၂၀ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အခမ်းအနားတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၆ မြို့နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ မဲဆန္ဒနယ်မြေများကို ရွေးကောက်ပွဲ မကျင်းပနိုင်ဆိုသည့် ကြေညာချက်သည့် လုံခြုံရေးကြောင့်လား၊ သဘာဝဘေးအန္တရာယ်ကြောင်လားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးမြင့်နိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေ၊ မဲဆန္ဒနယ်တွေကို ကြေညာသွားမယ်ဆိုတာ အရင်သတင်းစာ ရှင်းလင်းပွဲတွေမှာလည်းပြောခဲ့ပါတယ်။၂၀၁၅ တုန်းကဆိုရင်အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကြေညာတယ်။အခုလည်းပဲ အဲ့ဒီအချိန်လောက်ဆိုရင် ကြေညာမယ်လို့ ပြောခဲ့ပါတယ်။အဲ့တော့ ကျွန်တော်တို့ကတော့ ၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို မဲဆန္ဒနယ်အားလုံးကို ကျင်းပချင်တယ်။ကျင်းပပေးလိုတဲ့ ဆန္ဒလည်းရှိတယ်။ကျင်းပဖြစ်အောင်လည်း ကြိုးစားသွားမယ်ဆိုပြီးတော့လည်း သတင်းမီဒီယာတွေကို ကျွန်တော် အကြိမ်ကြိမ်ပြောပြခဲ့ပါတယ်။ အဲ့တော့ ဒီလို မဲဆန္ဒနယ်တွေအားလုံးကို ကျင်းပနိုင်ခြင်း ရှိ၊ မရှိအခြေအနေကို ပြီးခဲ့တဲ့သုံးလေးလလောက်ကလည်းပဲ ကျွန်တော်တို့ သက်ဆိုင်ရာပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန သူတို့ဆီက သဘောထား မှတ်ချက်တွေကို တောင်းခံရယူခဲ့ပါတယ်။ အဲ့ဒီသဘောထားမှတ်ချက်တွေကို ကျွန်တော်တို့ စိစစ်လေ့လာပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒါ မကြေညာခင်မှာလည်းပဲ နောက်ထပ် ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဌာနတွေကို ထပ်မံပြီးတော့မှအရင်တုန်းက ပထမအကြိမ် သဘောထားမှတ်ချက်အခြေအနေနဲ့ အခုဘာတွေများ ကွဲပြားခြားနားလာသလည်း။ဘယ်လိုတိုးတက်မှုရှိသလည်း၊ဘယ်လိုအပြောင်းအလဲတွေရှိသလည်း ကျွန်တော်တို့ မေးမြန်းခဲ့ပါတယ်။အဲလို မေးမြန်းခဲ့တဲ့အပေါ်မှာ သူတို့ရဲ့ သဘောထားမှတ်ချက်တွေနဲ့ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကတင်ပြချက်တွေ ဒါတွေကို စုပေါင်းပြီးတော့ သုံးသပ်ပြီးတော့ ဒီလိုကြေညာလိုက်ခြင်းဖြစ်ပါတယ်' ဟု ဦးမြင့်နိုင်က ပြောကြားသည်။
ရွေးကောက်ပွဲကျင်းပရာတွင် အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများ ရှိ၊ မရှိ၊ ဘေးကင်းလုံခြုံစွာနှင့် ဆန္ဒမဲ ပေးခွင့် ရ၊ မရ စသောပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ပေးလာသည့် သဘောထားမှတ်ချက်များကို ကြည့်ရှုသုံးသပ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။
ဦးမြင့်နိုင်က “အဓိကကတော့ ကျွန်တော်တို့ အဲ့လိုကျင်းပတဲ့အခါမှာ အန္တရာယ်ဖြစ်စေမယ့် အကြောင်းအရာတွေ ရှိသလား၊ မရှိသလား။ အန္တရာယ်ဖြစ်စေနိုင်သလား။ဘေးကင်းလုံခြုံစွာနဲ့ဆန္ဒမဲပေးလို့ရသလား။ အဲ့ဒါတွေကို သူတို့ရဲ့ သဘောထားမှတ်ချက်တွေအပေါ်မှာ ကြည့်ပြီးတော့ သုံးသပ်ပါတယ်။ အဓိကအားဖြင့် ဆန္ဒမဲလာရောက်ပေးမယ့် မဲဆန္ဒရှင်တွေ၊ မဲရုံမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေ၊ နောက်ပြီးတော့ ရွေးကောက်ပွဲကို လေ့လာမယ့်သူတွေ၊လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံကိုယ်စားလှယ်တွေ၊ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ သူတို့အတွက် အန္တရာယ်ကျရောက်စေနိုင်သလား၊ဘေးကင်းလုံခြုံမှုရောရှိသလား၊ဒီအချက်အလက်တွေအပေါ် ကြည့်ပြီးတော့မှ အဲ့ဒီပေးထားတဲ့ သဘောထားမှတ်ချက်တွေနဲ့စုပေါင်းပြီးတော့ ကျွန်တော်တို့ ဒါကိုထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ ခုနက ပြောတဲ့ အမ်းနဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာကလည်း သဘောထားမှတ်ချက်တွေ ပေးထားပါတယ်။ အဲ့ပေါ်မှာပဲ ကြည့်ပြီးတော့ ကျွန်တော်တို့ ကြေညာခဲ့ခြင်းဖြစ်တယ်။ ဒါကလည်းပဲ ကျွန်တော်တို့ ပြန်လည်ပြီးတော့ သုံးသပ်ဖို့လည်း ရှိပါတယ်' ဟု ပြောကြားသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့်ပတ်သက်၍ ထပ်မံကြေညာစရာရှိပြီး စိစစ်ရန်များလည်း ရှိသည့်အတွက် ဆက်လက် စိစစ်နေပြီး ထပ်မံကြေညာရန် ရှိကြောင်း၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့်အတွက် ရွှေ့ဆိုင်းသည့် ကိစ္စများသည် ၂၀၁၅ ခုနှစ်ကလည်း လက်ရှိ နည်းလမ်းအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသော ဌာနများ၏သဘောထားမှတ်ချက်များကို မေးမြန်း၍ ဆုံးဖြတ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။
' အဲ့တော့ ကျွန်တော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ မဲဆန္ဒနယ်အားလုံးကို ကျင်းပပေးလိုတဲ့ ဆန္ဒရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ တဖွဖွပြောခဲ့ပါတယ်။အခု ကျွန်တော်တို့ သက်ဆိုင်ရာဌာနတွေကပေးတဲ့ သဘောထားမှတ်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ လတ်တလော အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘေးကင်းလုံခြုံစွာမရှိတဲ့ မြို့နယ်တွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေကို ချန်လှပ်ပြီးတော့ ထားခဲ့ခြင်းဖြစ်ပါတယ်။ ဒါလည်းပဲ ကျွန်တော်တို့က အခုချန်လှပ်ထားခဲ့တဲ့ မြို့နယ်တွေ၊ကျေးရွာအုပ်စုတွေမှာ ဘေးကင်းလုံခြုံသွားပြီ။အန္တရာယ်ရှိစေဖို့အကြောင်းတွေ မပေါ်ပေါက်ပါဘူးလို့ ရှင်းရှင်းလင်းလင်း ဒီသဘောထားမှတ်ချက်တွေကိုသိလာရင်လည်း ကျွန်တော်တို့က ဒါတွေကို ကျွန်တော်တို့ ဆက်လက်ပြီး ကျင်းပသွားချင်ပါတယ်။ကျင်းပသွားမှာဖြစ်ပါတယ်။အခု ၂၀၂၀ ခုနှစ်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အချိန်မီရင်လည်းပဲ ကျွန်တော်တို့ဘက်က ကျင်းပသွားဖို့ပဲရှိပါတယ်။တကယ်လို့ ဒီလိုကျင်းပပြီးလို့ဘယ်အချိန်မဆို ဘေးအန္တရာယ်တွေ ကျရောက်ဖို့ မရှိတော့ဘူးလို့ ဘေးကင်းလုံခြုံစွာနဲ့ဆန္ဒမဲပေးနိုင်တယ်ဆိုရင်လည်းပဲ အဲ့ဒီအချိန်အခါမှာ ကျွန်တော်တို့ကျင်းပသွားဖို့ရှိပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။
လက်ရှိအချိန်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထား မဲဆန္ဒနယ်မြေများ စာရင်းတွင် ပါဝင်သော်လည်း ရွေးကောက်ပွဲမကျင်းမီတွင် ဘေးကင်းလုံခြုံမှုမရှိခြင်းများ ပေါ်ပေါက်လာပါက ယင်းမဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခြင်းအား ရွှေ့ဆိုင်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ယင်းဖြစ်ရပ်မျိုးရှိခဲ့ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။















