အဲဗာတန်နှင့်ပွဲတွင်ရရှိသည့် ဗန်ဒိုက်၏ဒူးဒဏ်ရာကို ခွဲစိတ်ကုသမည်ဖြစ်ပြီး ကာလကြာရှည် အနားယူဖွယ်ရှိသည်ဟု သတင်းများဖော်ပြ

အဲဗာတန်နှင့်ပွဲတွင်ရရှိသည့် ဗန်ဒိုက်၏ဒူးဒဏ်ရာကို ခွဲစိတ်ကုသမည်ဖြစ်ပြီး ကာလကြာရှည် အနားယူဖွယ်ရှိသည်ဟု သတင်းများဖော်ပြ
Published 19 October 2020

အောက်တိုဘာလ(၁၇)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်(၂-၂)လီဗာပူးလ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သည့် ဗန်ဒိုက်၏ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူမည်ဖြစ်ပြီး ကာလကြာရှည် အနားယူရဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဗန်ဒိုက်သည် အောက်တိုဘာလ(၁၈)ရက်က သူ၏Twitterမှတစ်ဆင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီး ယင်းကြေညာချက်တွင် ဒဏ်ရာမှအလျင်အမြန်ပြန်ကောင်းလာရန် ဖြစ်နိုင်သမျှအရာအားလုံး လုပ်ဆောင်သွားမည်ဟု ရေးသားထားသောကြောင့် ခွဲစိတ်ကုသမှုခံယူမည့်သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဗန်ဒိုက်အနေဖြင့် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး လီဗာပူးလ်အသင်းက ဗန်ဒိုက်အနားယူရမည့်ကာလကို အတည်ပြုချက်ပေးရန် ငြင်းဆန်ထားသည်။

BBC Sports ၏ဖော်ပြမှုတွင် ချက်ချင်းခွဲစိတ်ကုသမှု ခံယူဖွယ်မရှိဘဲ ယင်းအတွက် စီစဉ်ထားပြီးဖြစ်ကြောင်း ရေးသားခဲ့သည်။

ယင်းပွဲတွင် ပွဲချိန် (၇)မိနစ်၌ လီဗာပူးလ်နောက်ခံလူ ဗန် ဒိုက်မှာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုကိုခံခဲ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့၍ အခြားနောက်ခံလူတစ်ဦးဖြစ်သူ ဂျိုးဂိုးမက်ဇ်နှင့် လူစားလဲခဲ့ရသည်။ 

ယင်းဖြစ်ရပ်ကို VAR ဖြင့် ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ဗန်ဒိုက်အနေဖြင့် လူကျွံဘောဖြစ်နေသည်ဟုသာ ဆုံးဖြတ်ကာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကို မည်သည့်အရေးယူမှုမှ မပြုလုပ်ခဲ့ပေ။ 

ဗန်ဒိုက်သည် ၂၀၁၈ ဇန်နဝါရီတွင် ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်းဖြင့် ဆောက်သမ်တန်အသင်းမှ ရောက်ရှိလာခဲ့ပြီးကတည်းက အသင်း၏အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ရာသီ(၂)ရာသီစလုံးတွင်လည်း အသင်း၏ပွဲစဉ်တိုင်း ပါဝင်ကစားခဲ့သူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent