ယူရို-၂၀၂၀ ပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းမည်မဟုတ်သော်လည်း ကျင်းပမည့်နိုင်ငံအရေအတွက် လျော့ကျနိုင်ကြောင်း UEFA ဥက္ကဋ္ဌ ဆယ်ဖာရင် ဝန်ခံ

ယူရို-၂၀၂၀ ပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းမည်မဟုတ်သော်လည်း ကျင်းပမည့်နိုင်ငံအရေအတွက် လျော့ကျနိုင်ကြောင်း UEFA ဥက္ကဋ္ဌ ဆယ်ဖာရင် ဝန်ခံ
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 18 October 2020

ယူရို-၂၀၂၀ ပြိုင်ပွဲကို ထပ်မံ ရွှေ့ဆိုင်းမည်မဟုတ်ဘဲ လာမည့်နှစ်တွင် မဖြစ်မနေကျင်းပမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က အတည်ပြုသော်လည်း ပြိုင်ပွဲအား လက်ခံကျင်းပမည့် နိုင်ငံအရေ အတွက်မှာမူ လျော့ကျနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ယူရိုပြိုင်ပွဲကျင်းပမှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ယူရို- ၂၀၂၀ ပြိုင်ပွဲကို ယခုနှစ် ဇွန် ၁၂ ရက်မှ ဇူလိုင် ၁၂ ရက်အထိ ဥရောပတိုက်တစ်ဝန်းရှိ မြို့ပေါင်း ၁၂ မြို့ တွင် ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ကပ်ရောဂါဖြစ် ပွားမှုကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ ဆိုင်းထားရသည်။ လက်ရှိအချိန်တွင် ဥရောပနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ COVID-19 ရောဂါ ဒုတိယလှိုင်း စတင်ရင်ဆိုင် နေရပြီး ရောဂါကူးစက်မှုနှုန်း တစ်ကျော့ပြန် မြင့်တက်နေသော်လည်း ပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းမည်မဟုတ်ကြောင်း UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

"ဒီအခြေအနေကို ကျွန်တော်တို့ အမြဲတမ်းဂရုစိုက်နေပါတယ်။ ဒါပေမဲ့ ယူရိုပြိုင်ပွဲ ကျင်းပဖြစ်မယ်ဆိုတာတော့ ကျွန်တော်တို့ အာမခံနိုင်ပါတယ်။ ကျွန်တော်တို့လုပ်ရမယ့်အစီအစဉ်က ယူရိုပြိုင်ပွဲကို မဖြစ်မနေ ကျင်းပဖို့ပါ။ ဒါပေမဲ့ နိုင်ငံ ၁၂ နိုင်ငံထက် လျော့သွားနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်ပြောပါရစေ။ ကျွန်တော်တို့အနေနဲ့ ယူရိုပြိုင်ပွဲကို ၁၁ နိုင်ငံ၊ ရှစ်နိုင်ငံ၊ ငါးနိုင်ငံ ဒါမှမဟုတ် တစ်နိုင်ငံတည်းမှာပဲဖြစ်ဖြစ် လုပ်ဖြစ်နိုင်ပါတယ်" ဟု ဆယ်ဖာရင်က စပိန်အခြေစိုက် Movistar+ ရုပ်သံသို့ ပြောကြားခဲ့သည်။

ယူရို-၂၀၂၀ ပြိုင်ပွဲကို မြို့ ပေါင်း ၁၃ မြို့တွင် ကျင်းပရန် ကနဦး စီစဉ်ထားသော်လည်း အုပ်စုပွဲစဉ် သုံးပွဲနှင့် ၁၆ သင်းအဆင့်ပွဲစဉ်တစ်ပွဲ လက်ခံကျင်းပခွင့်ရထားသည့် ဘရပ်ဆဲလ်မြို့ (ဘယ်လ်ဂျီယံ) အနေဖြင့် ကွင်းတည်ဆောက်မှု ကြန့်ကြာနေသဖြင့် အိမ်ရှင်ကျင်းပခွင့် ပယ်ဖျယ်ခံရသောကြောင့် ၁၂ မြို့သာကျန်ရှိတော့ခြင်းဖြစ်သည်။ ဘရပ်ဆဲလ်၏ ပွဲစဉ်များကို ဗိုလ်လုပွဲနှင့် ဆီမီးဖိုင်နယ်နှစ်ပွဲ လက်ခံကျင်းပမည့် လန်ဒန်မြို့ (အင်္ဂလန်) က လွှဲပြောင်းရယူခဲ့ရာ ဝင်ဘလေကွင်း၌ စုစုပေါင်း ခုနစ်ပွဲအထိ ကျင်းပမည်ဖြစ်သည်။ 

ယူရိုပြိုင်ပွဲအား လက်ခံကျင်းပမည့် မြို့များမှာ လန်ဒန် (အင်္ဂလန်)၊ မြူးနစ် (ဂျာမနီ)၊ ရောမ (အီတလီ)၊ ဘာကူ (အဇာဘိုင်ဂျန်)၊ စိန့်ပီတာစဘတ် (ရုရှား)၊ ဘူဒါပက်စ် (ဟန်ဂေရီ)၊ ဘူခါရက်စ် (ရိုမေးနီးယား)၊ အမ်စတာဒမ် (နယ်သာလန်)၊ ဘီလ်ဘာအို (စပိန်)၊ ဂလပ်စဂို (စကော့တလန်)၊ ဒဗ္ဗလင် (အိုင်ယာလန်) နှင့် ကိုပင်ဟေဂင် (ဒိန်းမတ်) တို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၁ ရက် အထိ ကျင်းပမည်ဖြစ်သည်။ 

UEFA သည် ယခုရာသီ ဥရောပကလပ်ပြိုင်ပွဲများနှင့် နိုင်ငံတကာပွဲစဉ်များတွင် ကွင်းဝင်ဆံ့သည့်ပမာဏ၏ ရာခိုင်နှုန်း ၃၀ ကို ပရိသတ်ကြည့်ရှုခွင့်ပြုထားပြီးဖြစ်သော်လည်း ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ပရိသတ်ကြည့်ရှုခွင့်ရမည့် အခြေအနေမှာမူ ပြောရန်စောသေးသည်ဟု ဆယ်ဖာရင်က ပြောကြားခဲ့သည်။

Most Read

Most Recent