၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၃၀ ကျော်လျော့ကျ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၃၀ ကျော်လျော့ကျ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)
Published 17 October 2020
ဇေယျာငြိမ်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ကာတူထက် ဒေါ်လာသန်း ၄၃၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၄၉၁ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၃ ဒသမ ၉၂၄ ဘီလျံ ရရှိထားသည်။

“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာက သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ ဝင်ငွေဒေါ်လာ ၃၄၉၁ ဒသမ ၈၁၉ သန်း (ဒေါ်လာ ၃ ဒသမ ၄၉၁ ဘီလျံ) ရရှိထားတယ်။ ပြီးခဲ့တဲ့ နှစ်ကာလတူထက် ဒေါ်လာ ၄၃၃ ဒသမ ၁၀၁ သန်း ဝင်ငွေလျော့ကျတယ်။ သဘာဝဓာတ်ငွေ့က နယ်စပ်ကနေပဲ တင်ပို့နေတာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပြီးခဲ့သည့်သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုအနေဖြင့် ကီလိုဝပ်နာရီသန်းပေါင်း ၂၄၄၀၃ ဒသမ ၃၄ ရှိပြီး လက်ရှိဘဏ္ဍာနှစ်ခြောက်လအတွင်း ကီလိုဝပ်နာရီသန်းပေါင်း ၅၅၂၀ ဒသမ ၆၈ အထိ ထုတ်ယူထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်ယူမှုအနေဖြင့် ၂၀၁၆၂၀၁၇ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ သန်းပေါင်း ၇၅၇၇ ဒသမ ၅၆၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုတွင် ရေအား၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်စွမ်းအင် အသုံးပြုထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့ကို ကဏ္ဍအလိုက် သုံးစွဲမှုအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ၈၅ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အများဆုံးသုံးစွဲလျက်ရှိပြီး ဓာတ်မြေသြဇာ ထုတ်လုပ်ရေးအတွက် လေးရာခိုင်နှုန်း သုံးစွဲလျက်ရှိကြောင်း သိရသည်။

ကဏ္ဍအလိုက် သဘာဝဓာတ်ငွေ့သုံးစွဲမှုအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ CNG ထုတ်လုပ်ရေးအတွက် ၅ ဒသမ ၃ ရာခိုင်နှုန်း ၊ ဓာတ်မြေသြဇာထုတ်လုပ်ရေးအတွက် လေးရာခိုင်နှုန်း၊ ရေနံဓာတ်ငွေ့ရည် (LPG) အတွက် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ စက်ရုံအလုပ်ရုံများအတွက် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ရေနံချက်ဖိုလုပ်ငန်းအတွက် ၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် အခြားလုပ်ငန်းများအတွက် ၃ ဒသမ ၄ ရာခိုင်နှုန်း သုံးစွဲလျက်ရှိကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအနေဖြင့် ကုဗပေ ၆၇၀၃၆၂ သန်းထုတ်လုပ်ထားပြီး လေးနှစ်အတွင်း အများဆုံးထုတ်လုပ်ထားခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နှစ်အလိုက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၀၀၈ သန်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၆၇၅၈၃ သန်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၂၇၀၀၇ သန်းနှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၃၆၂ သန်း ထုတ်လုပ်ထားနိုင်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုမှ ဝင်ငွေအဓိကရရှိနေသော ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုမှ ထုတ်လုပ်မည့် ကုဗပေသန်းပေါင်း ပမာဏ ၆၂၉၀၀၀ ကျော်၊ ကုန်းတွင်းရေနံမြေများမှ ထုတ်လုပ်မည့်ပမာဏ ကုဗပေသန်းပေါင်း ၁၇၃၀၀ ကျော်ဖြင့် စုစုပေါင်းထုတ်လုပ်မှုပမာဏ ကုဗပေသန်းပေါင်း ၆၄၇၀၀၀ ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေစာရင်းအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ မူလခန့်မှန်းခြေစာရင်းနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှုပမာဏ ကုဗပေသန်းပေါင်း ၂၅၀၀၀ ကျော် လျော့နည်းနေကြောင်း သိရသည်။

ထုတ်လုပ်မှုပမာဏလျော့နည်းရခြင်းမှာ ရဲတံခွန်စီမံကိန်းအနေဖြင့် Post Plateau Period သို့ ရောက်ရှိချိန်ဖြစ်သောကြောင့် အဆင့်ဆင့်ထုတ်လုပ်မှု ကျဆင်းခြင်း၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းရခြင်းမှာ သဘာဝဓာတ်ငွေ့သုံးစွဲမှု သက်တမ်းကြာမြင့်လာခြင်းတို့ကြောင့် ဖြစ်သည်။

Most Read

Most Recent