ပျဉ်းမနားမြို့ရဲစခန်း အချုပ်ထောင်ရှိ COVID-19 ပိုး တွေ့ရှိခဲ့ရသည့် အချုပ်သားနှင့် ဆက်စပ်အချုပ်သား တစ်ဦးတွင် ပိုးတွေ့ရှိ

ပျဉ်းမနားမြို့ရဲစခန်း အချုပ်ထောင်ရှိ COVID-19 ပိုး တွေ့ရှိခဲ့ရသည့် အချုပ်သားနှင့် ဆက်စပ်အချုပ်သား တစ်ဦးတွင် ပိုးတွေ့ရှိ
Published 16 October 2020
အောင်မင်းသိန်း

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ရှိ အချုပ်ထောင်တွင် အောက်တိုဘာ ၁၃ ရက် COVID-19 ရောဂါ Positive တွေ့ရှိခဲ့ရသည့် အချုပ်သားနှင့်ဆက်စပ်သော အချုပ်သားတစ်ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

“ ကျွန်တော်တို့ ပျဉ်းမနားဆေးရုံမှာပဲ နောက်ထပ်အချုပ်သားတစ်ယောက်က Positive ဖြစ်ပါတယ်။ ဒီနေ့ စစ်တယ်” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားမြို့မရဲစခန်း အချုပ်ထောင်တွင် အချုပ်သားတစ်ဦး၌ COVID-19 Positive တွေ့ရှိခဲ့ရခြင်းကြောင့် ၎င်းနှင့်ဆက်စပ်သည့် ရဲဝန်ထမ်းနှင့် အချုပ်သား ၃၀ ဦးခန့်အား နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် Isolate လုပ်ထားကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက အောက်တိုဘာ ၁၄ ရက်က ပြောကြားထားသည်။

ဒေါက်တာမြတ်ဝဏ္ဏစိုးက “ကျန်တဲ့လူတွေလည်း စစ်ပါမယ်။ သူတို့ကို Quarantine လုပ်ထားပါတယ်။ Quarantine နှစ်ပတ်ဆိုတော့ အဲ့ကာလအတွင်းမှာ နှစ်ကြိမ်စစ်ရမှာ။ ကျွန်တော်တို့ Protocal အရဆိုရင် ၅ ရက်မှာ တစ်ကြိမ်၊ ၁၁ ရက်မှာ တစ်ကြိမ် စစ်ရပါတယ်။ သူက ဖျားလို့ ဆေးရုံလာပြတာပါ” ဟု ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် စာရင်းများအရ အောက်တိုဘာ ၁၄ ရက် ည ၈ နာရီမှ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၂၉၇၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၂၆ ဦး တွေ့ရှိရကြောင်း သိရသည်။

“ အဲ့တာက ထုံးဘိုရဲစခန်းက အချုပ်သားတစ်ယောက်ပါ။ Positive လူနာနဲ့ ဆက်စပ်လားဆိုတော့ ဒီလူတွေက အရင်တုန်းကတော့ ပျဉ်းမနားအချုပ်ကနေမှ ရွာကောက်နယ်မြေရဲစခန်းက အမှုပေါ့။ ရွာကောက်နယ်မြေရဲစခန်းက အမှုကို ပျဉ်းမနားနယ်မြေရဲစခန်းမှာ လာချုပ်ထားတာပေါ့။ ချုပ်တဲ့ဟာကိုမှ အမှုက ဟိုဘက်က ဆိုင်ကယ်ခိုးလာတာဆိုတော့ အမှုလွှဲပေးလိုက်တာ။ ထုံးဘိုနယ်မြေရဲစခန်းကို အမှုလွှဲပေးလိုက်တာ။ လွှဲပြီး ဟိုမှာချုပ်တဲ့အချိန်မှာ လက္ခဏာ နည်းနည်းပြလို့၊ ၂ ရက်လောက်ပဲ ချုပ်ရသေးတယ်၊ လက္ခဏာပြလို့ ကုတင် ၂၀၀ ဆေးရုံမှာ Quarantine လာဝင်လာထားပေါ့” ဟု ပျဉ်းမနားမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွား၊ သေဆုံးမှုအခြေအနေသည် အောက်တိုဘာ ၁၅ ရက် ည ၈ နာရီ အထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာပေါင်း ၄၆၄၅၅၇ ခုတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၂၃၅၁ ဦးရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၇၀၆ ဦးနှင့် သေဆုံးလူနာ ၇၆၅ ဦးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent