အထည်ချုပ်စက်ရုံများတွင် မိမိအစီအစဉ်ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ယူ၍လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုအသုံးပြု၍ COVID-19 ရောဂါပိုးရှိ မရှိ စစ်ဆေးခြင်း လုံးဝမပြုလုပ်ကြရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်

အထည်ချုပ်စက်ရုံများတွင် မိမိအစီအစဉ်ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ယူ၍လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုအသုံးပြု၍ COVID-19 ရောဂါပိုးရှိ မရှိ စစ်ဆေးခြင်း လုံးဝမပြုလုပ်ကြရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်အတွင်း လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်အတွင်း လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 14 October 2020
နီလာ

အထည်ချုပ်စက်ရုံများတွင် မိမိအစီအစဉ်ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ယူ၍လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုအသုံးပြု၍ COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းများ လုံးဝမပြုလုပ်ကြရန်  မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်လိုက်သည်။

လတ်တလော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်း လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကသာ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံလုပ်ငန်းအားလုံးကို မိမိအစီအစဉ်ဖြင့် COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရန် တရားဝင်ခွင့်ပြုထားခြင်း မရှိပေ။

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အသင်းဝင်စက်ရုံများ လိုက်နာဆောင်ရွက်ရန် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် Version 4.0 နှင့် Version 4.1 တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

သို့ဖြစ်၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် မိမိစက်ရုံတွင် မိမိအစီအစဉ်ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များယူ၍လည်းကောင်း၊ လက်ချောင်းထိပ် သွေးဖောက်၍လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခု အသုံးပြု၍လည်းကောင်း၊ COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ လုံးဝဆောင်ရွက်ခြင်းမပြုလုပ်ကြရန်နှင့် ထိုသို့ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ဆောင်ရွက်ခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာတည်ဆဲ ဥပဒေများနှင့် တရားစွဲခံရနိုင်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အသိပေးညွှန်ကြားထားသည်။

ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သောလက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံများ၏ ပြင်ဆင်ထားရှိမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လာရောက်စစ်ဆေးရာ၌ လိုက်နာမှုအဆင့် A မရရှိပါက ယာယီရပ်နားပြီး အဆင့် A ရရှိအောင်ပြန်လည်ပြင်ဆင်ရမည်ဟု ကနဦးသတင်းများအရ သိရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

COVID-19 ဖြစ်ပွားမှုဒုတိယလှိုင်း၏ သက်ရောက်မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့်ထုတ်ပြန်သည့် Stay at Home အစီအစဉ်အရ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ၁၄ ရက်နှင့် အမိန့်အမှတ် - ၁၁၃/၂၀၂၀ အရ ထပ်တိုးခဲ့သည့် အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အထိ နောက်ထပ် ၁၄ ရက်ကာလကို ကုန်ကြမ်းယူ၊ ကုန်ချောပေး လုပ်ငန်းဆောင်ရွက်ကြသော (CMP) စက်ရုံ၊ အလုပ်ရုံများ ယာယီရပ်နားထားကြသည်။

သို့သော် အောက်တိုဘာ ၁၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၂၄/၂၀၂၀ အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့က စနစ်တကျစိစစ်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအနေဖြင့် အောက်တိုဘာ ၁၂ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့သည်။

ထို့ကြောင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သောလက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစားအလတ်စား လုပ်ငန်းများသည် အောက်တိုဘာ ၁၂ ရက်မှစ၍ လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်ကြပြီဖြစ်သည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် Version 4.0 နှင့် 4.1 တို့ကို တိကျစွာလေးစားလိုက်နာ၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိရမည်ဖြစ်သည်။

ကုန်ကြမ်းယူကုန်ချောပေးဆောင်ရွက်သော လက်ခစား CMP လုပ်ငန်းများအနေဖြင့် ယာယီရပ်နားကာလအပြီး စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရာတွင် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့်အကွာအဝေးတွင် အလုပ်လုပ်နိုင်အောင် တတ်နိုင်သမျှ စီစဉ်ထားရှိပြီး လူစုလူဝေးနှင့် လုပ်ကိုင်ခြင်းမှ ရှောင်ကြဉ်ရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အသိပေးချက် ထုတ်ပြန်ထားသည်။

Most Read

Most Recent