မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ အချက်အချာကျပြီး အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်လာပြီ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အခွင့်အခါကောင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ အချက်အချာကျပြီး အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်လာပြီ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အခွင့်အခါကောင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Online ဖြင့် ပြုလုပ်သည့် 9th LNG Producer Consumer Conference ၌ ပြည်ထောင်စုဝန်ကြီး အမှာစကား ပြောကြားနေစဉ်
Online ဖြင့် ပြုလုပ်သည့် 9th LNG Producer Consumer Conference ၌ ပြည်ထောင်စုဝန်ကြီး အမှာစကား ပြောကြားနေစဉ်
Published 14 October 2020
ပြည့်ဖြိုးအောင်

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အချက်အချာကျပြီး အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်လာပြီ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အခွင့်အခါကောင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က  ပြောကြားသည်။

အောက်တိုဘာ ၁၂ ရက်က ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ ကြီးမှူး၍ Online ဖြင့် ပြုလုပ်သည့် 9th LNG Producer Consumer Conference ၌ ပြည်ထောင်စုဝန်ကြီး က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အချက်အချာကျပြီး အခြေခံအဆောက်အအုံများ (လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ Mobile Phone & Internet Facility စသည့်) တို့ ပိုမိုကောင်းမွန် တိုးတက်လာပြီ ဖြစ်ပါသဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အခွင့်အခါကောင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၅၄ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့ ပြီး၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု Conference မှတစ်ဆင့် LNG ထုတ်လုပ်သူ နှင့် သုံးစွဲသူများအကြား ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ၊ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယခုကဲ့သို့ COVID-19 ကပ်ရောဂါ ထိန်းချုပ်မှုကာလအတွင်း 9th LNG Producer Consumer Conference  အား အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂျပန်နိုင်ငံအစိုးရနှင့် METI မှ ဝန်ကြီး Mr. Kajiyama Hiroshi ၎င်းတို့နှင့်အတူ ပူးပေါင်းစီစဉ်သူများ အားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး ၇၅၀ မဂ္ဂါဝပ် LNG to Power Plant အား ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် စတင် ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံခဲ့သော်လည်း COVID-19  ကပ်ရောဂါကြောင့် ကြန့်ကြာမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင်မှသာ ဓာတ်အား စတင်ထုတ်လုပ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ Generation Mix တွင် ယေဘုယျအားဖြင့် ရေအားမှ ရာခိုင်နှုန်း ၅၀ နှင့် သဘာဝဓာတ်ငွေ့မှ  ရာခိုင်နှုန်း ၅၀ ရှိကြောင်း၊ သို့သော် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးသက်ရောက်မှုကြောင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု ကျဆင်းလာသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပြည်တွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု ကျဆင်းလာကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ တိုးမြင့်လာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန်အတွက်  LNG to Power စီမံကိန်းများကို Development Partners နှင့် Investors များ ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် LNG Task Force ကို ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် စွမ်းအင်လုံခြုံစိတ်ချရမှု (Energy Security) အတွက် Clean Fuel ဖြစ်သည့် LNG Option သည် ရေအား၊ သဘာဝဓာတ်ငွေ့၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တို့နှင့်အတူ တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ အဆိုပါ LNG စီမံကိန်းများမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပြင် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။