“၀” အမျိုးသားပါတီအနေဖြင့် COVID-19 ကြောင့် မဲဆွယ်စည်းရုံးရာတွင် နှောင့်နှေးမှုများကြုံတွေ့နေရပြီး ရွေးကောက်ပွဲအနိုင်ရရှိပါက ငြိမ်းချမ်းရေးကိစ္စရပ်များ၌ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ပြောကြား

“၀” အမျိုးသားပါတီအနေဖြင့် COVID-19 ကြောင့် မဲဆွယ်စည်းရုံးရာတွင် နှောင့်နှေးမှုများကြုံတွေ့နေရပြီး ရွေးကောက်ပွဲအနိုင်ရရှိပါက ငြိမ်းချမ်းရေးကိစ္စရပ်များ၌ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ပြောကြား
Published 13 October 2020
စည်သာ(တောင်ကြီး)

“၀” အမျိုးသားပါတီအနေဖြင့် COVID-19 ကြောင့် မဲဆွယ်စည်းရုံးရာတွင် နှောင့်နှေးမှုများ ကြုံတွေ့နေရပြီး ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပါက ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဆိုင်နပ်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် “၀” အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နှင့် မက်မန်းမြို့နယ်တွင် မဲဆန္ဒနယ်အပြည့်ယှဉ်ပြိုင်မည် ဖြစ်ကာ ကျန်မြို့နယ်များဖြစ်သော တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းတုံတို့တွင်လည်း ဝင်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ် ခုနစ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 “ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ခွဲပြီး လှုပ်ရှားကြတာပေ့ါ။ ကျွန်တော်က မက်မန်းဘက်မှာကျတယ်။ တချို့အဖွဲ့တွေက ဟိုပန်တို့ တန့်ယန်းတို့ပေ့ါ။ အဓိကတော့ COVID-19 ကြောင့် သိပ်အလုပ်မတွင်ဘဲ နှောင့်နှေးတာပေ့ါ။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေးပေါ့။ ဒါက ခက်ခဲတယ်။ COVID-19 ရဲ့ အခြေအနေက သိတဲ့အတိုင်းပဲ။ နောက်လမ်း ပန်းဆက်သွယ်ရေးပေါ့။ တောင်ပေါ်ဒေသပေါ့။ တောင်ပေါ်ဒေသဖြစ်တော့ ပါတီတွေလည်း သိပ်မများဘူးပေါ့။ မက်မန်းမှာ လေးဦးပေါ့။ ပြည်သူ တစ်ဦး၊ အမျိုးသား တစ်ဦး၊ ပြည်နယ် နှစ်ဦးပေါ့။ ရှမ်းရှေ့ ရှမ်းမြောက်များတယ်။ “၀”တိုင်းပေ့ါ။ နေရာပေါင်း ၃၀ နီးပါးလောက်ရှိမယ်ပေါ့။ UDP ခေါ်တဲ့ နှင်းဆီပါတီရယ်၊ ပြည်ခိုင်ဖြိုးပါတီ နဲ့ NLD ပါတီပေါ့။ လေးပါတီရှိတယ်။ လုပ်လို့ရတာတွေတော့ အကုန်လုပ်ပါတယ်။ ပိုစတာ ထောင်တာတို့ စီတန်းလှည့်လည်တာတို့ လက်ကမ်းစာစောင်ဝေတာတို့ပေ့ါ။ မက်မန်းမှာလည်း တစ်နေရာနဲ့ တစ်နေရာလှမ်းတော့ စီတန်းလှည့်လည်တာမရှိဘူး။ ပါတီဆိုတော့ ဒေသကိုအခြေခံတယ်။ မက်မန်းအနေနဲ့ နိုင်ခြေကတော့ ၅၀၊ ၅၀ ပါပဲ။ ကျန်တဲ့နေရာတွေကတော့ ငါးဦးနဲ့ ခုနစ်ဦး ထင်ထားတာပေ့ါ။ ၂၀ ဦးမှာပေါ့။ တကယ်လို့ အနိုင်ရမယ်ဆိုရင် မူဝါဒမှာပါတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးတွေမှာ ဝင်ပါမယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် နိုင်ငံတော်အကျိုးအတွက်ဆိုရင် ဘယ်ပါတီနဲ့မဆို ကျွန်တော်တို့က ပူးပေါင်းလုပ်ဆောင်သွားမယ်ပေါ့။ ဒေသဖွံ့ဖြိုးဖို့ပဲ။ ဖွံ့ဖြိုးရေးပဲ တောင်းဆိုတာများတယ်။ ကျန်းမာရေးအဆောက်အအုံ၊ ပညာရေး အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေးတွေ ဒီဘက်မှာ ဒါတွေပဲ မျှော်လင့်တယ်” ဟု “၀” အမျိုးသားပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဆိုင်နပ်က ပြောကြားသည်။

“၀” သွေးစည်းညီညွတ်ရေးပါတီ (UWSA) က ထိန်းချုပ်ထားသည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်း စသည့် လေးမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားများသည် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသဖြင့် မဲပေးနိုင်ခြင်းမရှိသောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုပန်၊ မက်မန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းစသည့် မြို့နယ်ခြောက်ခုကို ခရိုင်နှစ်ခုခွဲခြား၍ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပြီး ဟိုပန်နှင့် မက်မန်းမြို့နယ်များကို အစိုးရက ထိန်းချုပ်၍ အခြားကျန်ရှိသော မြို့နယ်ပေါင်းလေးခုကို “၀” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) က ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“၀” တိုင်းရင်းသားနိုင်ငံရေးပါတီများ ကွဲပြားနေလျှင် မဲမပေးတော့ဟု ပြည်သူလူထုတောင်းဆိုချက်အရ “၀” အမျိုးသားပါတီကို “၀” ဒီမိုကရက်တစ်ပါတီ၊ “၀” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ “၀” လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို ပူးပေါင်း၍ “၀” အမျိုးသားပါတီကို တည်ထောင်ရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် “၀” ပါတီပေါင်းစည်းရေး လုပ်ဆောင်ခဲ့ပြီး “၀” အမျိုးသားပါတီသည် ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် နိုင်ငံရေးပါတီအမှတ်စဉ် (၁၂၈) ဖြင့် မှတ်ပုံတင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                      

Most Read

Most Recent