COVID-19 ကုသသည့် ဆေးဝါး

COVID-19 ကုသသည့် ဆေးဝါး
Published 9 October 2020

ကာလကြာရှည် စောင့်ဆိုင်းခဲ့ရသည့် Gilead Sciences ကုမ္ပဏီမှ ထုတ်လုပ်သည့် စမ်းသပ်ဗိုင်းရပ်စ်သတ်ဆေး Remdesivir ၏ လေ့လာချက်ရလဒ်များကို အောက်တိုဘာလ ၈ ရက်က New England Journal of Medicine ဂျာနယ်တွင် ဖော်ပြခဲ့ရာ ယင်းဆေးဖြင့် ကုသမှုခံယူခဲ့သည့် COVID-19 လူနာများသည် ဆေးဝါးစမ်းသပ်ရာတွင် အသုံးပြုသည့် အာနိသင်မရှိသော ဆေးဖြင့် ကုသမှုခံယူခဲ့သည့်လူနာများထက် ပိုမိုလျင်မြန်စွာ နာလန်ထခဲ့ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်ရှိ အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများဆိုင်ရာအဖွဲ့ (NIAID) က ဦးဆောင်ပြုလုပ်ခဲ့သည့် ယင်းစမ်းသပ်မှုသည် စမ်းသပ်သူရော စမ်းသပ်ခံသူပါ ကုထုံးအချက်အလက်အတိအကျကို မသိရဘဲ စမ်းသပ်သည့် double – blind စမ်းသပ်မှုဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ COVID-19 လူနာပေါင်း ၁,၀၀၀ ကျော် ပါဝင်ခဲ့သည်။

ယင်းစမ်းသပ်မှုအရ Remdesivir ဆေးဖြင့် ကုသမှုခံယူပြီး ဆေးရုံတင်ထားရသည့် လူနာများသည် ပျမ်းမျှ ၁၀ ရက်အတွင်း ရောဂါပြန်လည်သက်သာခဲ့ပြီး အာနိသင်မရှိသည့် စမ်းသပ်ဆေးနှင့် ကုသမှုခံယူထားသူများထက် ငါးရက် ပိုမိုလျင်မြန်စွာ နာလန်ထနိုင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ အကြီးဆုံးအကျိုးကျေးဇူးတစ်ခုမှာ ရောဂါကြောင့် ဖျားနာမှု အစောပိုင်းအဆင့်တွင် Remdesivir ဆေးဖြင့် ကုသခဲ့သည့် လူနာများသည် ဆေးရုံ၌ အောက်စီဂျင်အထောက်အကူ ယူခဲ့ရသော်လည်း အသက်ရှူစက် တပ်ဆင်ရသည့် အဆင့် သို့ မရောက်ရှိခဲ့ပေ။ ထို့ပြင် Remdesivir ဆေးသည် လူနာများအား အလွန်အမင်း ဖျားနာမှုနှင့် အောက်စီဂျင် သို့မဟုတ် အသက်ရှူစက်များ ပိုမိုလိုအပ်လာမည့် အခြေအနေမျိုးမှ တားဆီးပေးနိုင်ဖွယ်ရှိသည့် အချက်အလက်များ ရှိသည် ဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

လေ့လာချက်အရ ၂၉ ရက်မြောက်နေ့တွင် Remdesivir ဆေးဖြင့် ကုသမှုခံယူခဲ့သည့် COVID-19 လူနာများ၏ သေဆုံးမှုနှုန်းမှာ ၁၁.၄ ရာခိုင်နှုန်း ရှိပြီး အာနိသင်မရှိ သည့် စမ်းသပ်ဆေးဝါးဖြင့် ကုသမှုခံယူခဲ့သည့် လူနာများ၏ သေဆုံးမှုနှုန်းမှာ ၁၅.၂ ရာ ခိုင်နှုန်းရှိခဲ့သဖြင့် ယင်းဆေးဝါးသည် ရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချမှုနှုန်းမှာ သိသာထင်ရှားသည့် ကိန်းဂဏန်းကွာဟမှု မရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ယခုထုတ်ပြန် သည့် နောက်ဆုံးရလဒ်သည် ယခင်အကြိုစမ်းသပ်စစ်ဆေးမှု ကောက်ချက်များမှ ပြောင်း လဲမှုမရှိကြောင်း ဂျွန်ဟော့ကင်းဆေးရုံမှ အရေးပေါ်ခန်း ဆရာဝန်တစ်ဦးဖြစ်သူ ဂျိုရွှာနီဖိုရာတို့စ်က ရေးသားဖော်ပြခဲ့သည်။

ယခုနောက်ဆုံးထုတ်ပြန်ချက်မတိုင်မီ ယခင်သုတေသနများအရ Remdesivir ဆေးသည် လူနာများ၏ အသက်ရှင်နိုင်ခြေနှုန်း သို့မဟုတ် အသက်ရှူစက်လိုအပ်မှုကို ပြောင်းလဲပေးနိုင်ဖွယ်မရှိကြောင်း ယူဆခဲ့ကြသည်ဟုဆိုသည်။ ယခုနောက်ဆုံးထုတ်ပြန်ချက်တွင် Remdesivir ဆေးသည် စျေးသက်သာပြီး အလားတူအသုံးပြုသော ဆေးဖြစ်သည့် Dexamethasone ဆေးနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်းမှာ ကွာဟမှုမရှိသည့်အချက်သည် ပြောင်းလဲမှု မရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ဂျို ရွှာနီဖိုရာတို့စ်က ရေးသားဖော်ပြခဲ့သည်။ Gilead အနေနှင့် Remdesivir ဆေးကို FDA ၏တရားဝင် ထောက်ခံချက်ရရှိရန် ယခု လေ့လာချက်ရလဒ်ကို အသုံးချသွားဖွယ်ရှိနေသည်။ အကယ်၍ FDA  က Gilead ကုမ္ပဏီ ၏ ထောက်ခံချက်တောင်းခံမှုကို လက်ခံခဲ့မည်ဆိုလျှင် Remdesivir ဆေးဝါးသည် ပထမ ဆုံး အတည်ပြုချက်ရရှိသည့် Remdesivir ကုသဆေး ဖြစ်လာမည်ဖြစ်သည်။

သွေးပြန်ကြောထဲသို့ ထိုးသွင်းရသည့် ဗိုင်းရပ်စ်သတ်ဆေး Remdesivir ကို COVID-19 ကုသရန် ဆေးဝါးအဖြစ် အသုံးပြုပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်းက COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုလည်း အဆို ပါ Remdesivir ဆေးဖြင့် ကုသခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် စက်တင်ဘာ၂၀ ရက်က အိန္ဒိယနိုင်ငံ Zyduscadila ဆေးကုမ္ပဏီမှ ထုတ်လုပ်သည့် Remdesivir ထိုးဆေးများကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ လှူဒါန်းခဲ့သည်။ ၎င်းအပြင် အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗိန်းသည် အောက်တိုဘာ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းအဖြစ် Remdesivir ထိုးဆေး အလုံး ၃,၀၀၀ ကျော်အား လွှဲပြောင်းပေးအပ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း များပြားလာနေသည့် မြန်မာနိုင်ငံတွင် ကုသရန် ဆေးဝါးနှင့် ကာကွယ်ဆေးတို့ ရရှိနိုင်ရေးအ တွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent