စိတ်ပျက်စရာဖျက်ထုတ်မှုတွေနဲ့ ပယ်နယ်တီအလှူပေးတဲ့ မန်စီးတီး

စိတ်ပျက်စရာဖျက်ထုတ်မှုတွေနဲ့ ပယ်နယ်တီအလှူပေးတဲ့ မန်စီးတီး
Published 28 September 2020

မန်စီးတီး ၂-၅ လက်စတာ

၂၀၂၀-၂၁ ရာသီရဲ့ နောက်ထပ် Crazy Game တစ်ခုလို့ ပြောရမယ်။ တကယ်တော့ ဒီတစ်ပတ်ပွဲစဉ်တွေအားလုံးက ကောင်းပေမယ့် စိတ်ပျက်စရာ ဆုံးဖြတ်ချက်တွေ၊ မဖြစ်သင့်တာတွေ၊ မပေးသင့်တာတွေနဲ့ ညစ်ညူးစရာတွေ လည်းရှိခဲ့တယ်။ ဒီပွဲကတော့ Pure Class လို့ ပြောရမယ်။ မိုက်ကယ်အိုလီဗာက လက်စတာအသင်းဘက်ကို ပယ်နယ်တီ (၃)ကြိမ်ပေးခဲ့တဲ့ တိုင်ပေးသင့်ပေးထိုက်တာတွေချည်းပဲဖြစ်ပြီး ပိုပြီးကျေနပ်စရာကောင်းတာက ဒီပယ်နယ်တီ အားလုံးကို VAR စွက်ဖက်မှုမပါ၊ သူ့ယုံကြည်ချက်နဲ့ သူပေးပြီး ဆုံးဖြတ်ချက်တိုင်းက မှန်ကန်ခဲ့ခြင်းဖြစ်တယ်။ မန်စီးတီးက တကယ်ကောင်းတဲ့အသင်းဖြစ်ပြီး၊ လေးစားစရာကောင်းတာက စိတ်ဓာတ်ပိုင်းပဲ။ နောက်ဆုံးအချိန်အထိ ကြိုး စားနေတယ်။ စည်းကမ်းရှိတယ်။ ပြဿနာတွေမဖန်တီးသွားဘဲ ဘောလုံးကိုပဲ အာရုံစိုက်ကစားသွားတယ်။ 

လက်စတာကတော့ ချီးကျူးထိုက်တယ်ဆိုတာထက် ပိုတယ်။ ကြိုးစားတယ်။ မာကျောတယ်။ စိတ်ဓာတ်ကောင်းသလောက် အရည်အသွေးပြည့်ဝတာကို မြင်ခဲ့ရတယ်။ ဒီပွဲမှာ ဗာဒီက (၃)ဂိုးသွင်းခဲ့ပြီး ပယ်နယ်တီ (၂) ဂိုးအပြင် သွင်းခဲ့တဲ့ ဂိုးက ဗာဒီရဲ့အဆင့်အတန်းကို ပြတယ်။ ဒါပေမဲ့ ဗာဒီကစားတာထက် ပိုပြီးအားရစရာကောင်းတာက ဟာဗေးဘန်းစ်ဖြစ်ပြီး သူလည်း လက်စတာရဲ့ဒီဘရိုင်းနားလို့ပြောရမယ့် ကစားသမားမျိုးပဲ။ ခွန်အား၊ ရုန်းအား၊ ပြေးအား အကုန်ကောင်းပြီး အကွက်မြင်တယ်။ သတ္တိရှိတယ်။ ဒီဘရိုင်းနား တောင်ပံမှာကစားတုန်းက ပုံစံမျိုးမြင်ရတယ်။ ဟာဗေးဘန်းစ် ဘောလုံးဆွဲထွက်လာရင် မန်စီးတီးကစားသမားတွေ ရပ်တန့်နိုင်ဖို့ခက်တာကိုလည်း တွေ့ရ တယ်။ 

ဒီပွဲမှာ ဦးဆောင်ဂိုးကို မန်စီးတီးက ရခဲ့ပြီး မန်စီးတီးလိုအသင်းမျိုးကို ဂိုးပေးပြီးမှ ဂိုးပြတ် ပြန်သွင်းနိုင်တဲ့အသင်းက သိပ်မရှိပါဘူး။ ဒီပွဲက မန်စီးတီး အရှက်ကွဲတဲ့ပွဲဖြစ်ပြီး လက်စတာခံစစ်ကို  မကျော်ဖြတ်နိုင်၊ လက်စတာတိုက်စစ်ကို မထိန်းချုပ်နိုင်တဲ့ပွဲလည်းဖြစ်တယ်။ ခံစစ်မှာ အဲရစ်ဂါစီယာ-နာသန်အကီအတွဲကလည်း အရှိန်အဝါကင်းပြီး ပျော့ညံ့လွန်းပါတယ်။ တစ်ဦးချင်းအနေနဲ့ အကီ ကစားတာ မဆိုးပါဘူး။ ဒါပေမဲ့ အတွဲအဖက်အနေနဲ့ဆိုရင် သူလည်း ညံ့၊ ဂါစီ ယာလည်း ညံ့ပဲ။ ပြောရရင် လာပေါ့တ်တောင် ဒဏ်ရာမရခင်ကစားခဲ့တဲ့ နောက်ပိုင်းပွဲတွေမှာ အားနည်းချက်တွေရှိတယ်။ ဒီခံစစ်ကို ဘယ်လိုပြင်မလဲဆိုတာကို အဖြေရှာမတွေ့ရင် ဂွါဒီယိုလာက လီဗာပူးလ်ကို အမီလိုက်ဖို့ လွယ်မှာ မဟုတ်ဘူး။ ပြီးတော့ ခံစစ်မှာ တစ်ခါပေးရင် အကြိမ် (၁၀၀)လောက်ဘောလုံးပေးနေရင်း ပွဲကပြီးသွားပြီဆိုတာမျိုးတွေ ကြုံနေရတာကိုလည်း မန်စီးတီး သင်ယူသင့်ပါပြီ။ လိုင်ယွန်ကို ရှုံးခဲ့တုန်းကခြေစွမ်းထက် ပိုစိတ်ပျက်ဖို့ ကောင်းပါတယ်။ 

လက်စတာအတွက်ဂိုးတွေကို ဗာဒီက (၃၇ Pen၊ ၅၄၊ ၅၈ Pen) နဲ့ တီလေမန်းစ်က (၈၈ Pen) တို့ သွင်းယူခဲ့ပြီး စတုတ္ထမြောက်ဂိုးဖြစ်တဲ့ မတ်ဒီဆန်ရဲ့ကန်ချက်ကတော့ လက်ဖျားခါလောက်တဲ့ ဂိုးမျိုးပါ။ မန်စီးတီးအတွက် ဂိုး (၂)ဂိုးကိုတော့ (၄)မိနစ်မှာ တောင်ပံကစားသမား မာရက်ဇ်နဲ့ (၈၄)မိနစ်မှာ နာသန်အကီက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

Most Read

Most Recent