ကိုင်ဟာဗက်ဇ်၏ ဟက်ထရစ်သည် ဂန္ထဝင်ညများ၏ အစဖြစ်သည်ဟု ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် ချီးကျူးစကားဆို

ကိုင်ဟာဗက်ဇ်၏ ဟက်ထရစ်သည် ဂန္ထဝင်ညများ၏ အစဖြစ်သည်ဟု ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် ချီးကျူးစကားဆို
Photo: Getty Images
Photo: Getty Images
Published 24 September 2020

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က ဘန်စလေအသင်းနှင့် ကစားခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင် အသင်းအတွက်ဟက်ထရစ်သွင်းယူပေးခဲ့သည့် ကိုင်ဟာဗက်ဇ်ကို ချီးကျူးစကားဆိုခဲ့ပြီး အနာဂတ်တွင် သူကြုံတွေ့ရမည့် ဂန္ထဝင်ညများ၏အစ ဖြစ်သည်ဟုဆိုခဲ့သည်။

ယင်းပွဲတွင် အသင်းထံသို့ ပေါင် (၇၁)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ကိုင်ဟာဗက်ဇ်သည် ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့သည့်အပြင် ပွဲအပြီးတွင် ဟက်ထရစ်ရရှိခဲ့ခြင်းဖြစ်သည်။

တိုက်စစ်ပိုင်းတွင် အေဘရာဟမ်နှင့် ဟာဗက်ဇ်တို့သည် အတွဲညီညီကစားနိုင်ခဲ့ပြီး ဟာဗက်ဇ်သွင်းယူခဲ့သည့် ဂိုးများကို အေဘရာဟမ်က ဖန်တီးပေးခဲ့သလို၊ ဘာကလေ၏ သွင်းဂိုးကိုလည်း ဟာဗက်ဇ်က ဖန်တီးပေးခဲ့သည်။

လမ်းပတ်က "ကျွန်တော် ကိုင်(ဟာဗက်ဇ်) အတွက် အရမ်းဝမ်းသာမိပါတယ်။ ဒါဟာ သူ့ဆီကနေ ကျွန်တော်လိုချင်တဲ့ အရာတွေပါပဲ။ ကိုင်က အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲတွေ မကစားခဲ့ရဘဲ ရာသီစခါနီး ရက်ပိုင်းမှာ ရောက်လာခဲ့သူဖြစ်တယ်။ ဒီညက သူ့အတွက် အရမ်းကောင်းတဲ့ လေ့ကျင့်ခန်းအစီအစဉ်ဖြစ်ခဲ့ပြီး ဘောလုံးမပါဘဲ သူဘယ်လို အလုပ်လုပ်သလဲဆိုတာကိုလည်း မြင်ခဲ့ရတယ်။ သူနဲ့ အေဘရာဟမ်တို့ရဲ့အတွဲအဖက် ညီမှုအတွက် ကျွန်တော်ချီးကျူးချင်ပြီး ဒီပွဲက ကိုင်ရဲ့ ယုံကြည်မှုကို ပိုပြီး တိုးမြင့်လာစေမှာပါ။ ဒီညက သူ့အတွက် ဂရိတ်ညတစ်ည ဖြစ်ပြီး ဒါဟာ ဂန္ထဝင်ညများစွာရဲ့ အစလည်းဖြစ်ပါတယ်" ဟု ချီးကျူးခဲ့သည်။

လမ်းပတ်သည် ယင်းပွဲတွင် အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ပြီး အသင်း၏ခံစစ်ကို ဦးဆောင်ကစားခဲ့သည့် သီယာဂိုဆေးလ်ဗားကိုလည်း ချီးကျူးပြောကြားခဲ့သည်။

Most Read

Most Recent