ရှမ်းပြည်နယ်၏ အထင်ကရဖြစ်သော တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ယခုနှစ် မကျင်းပရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဆုံးဖြတ်ထားကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။
COVID-19 ကပ်ရောဂါကြောင့် တန်ဆောင်တိုင်ပွဲတော် အပါအဝင် မည်သည့်ပွဲတော်မှ ကျင်းပနိုင်ခြင်း မရှိတော့ဘဲ လူစုလူဝေး ရှောင်ရှားရန်၊ ပွဲလမ်းသဘင်များ ရပ်ဆိုင်းထားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြည်သူလူထုထံသို့ ပန်ကြားချက်ကို ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက် ပုံမှန်အစည်းအဝေးတွင် အဆိုပါ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပခြင်း ယခုနှစ် ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
“ဒီလိုပုံစံအတိုင်းဆိုရင် ဘယ်လိုမှ ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါကြောင့်မို့ တန်ဆောင်တိုင်ပွဲတော် မကျင်းပဖို့ ဆုံးဖြတ်ထားတာပါ” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။
COVID-19 အခြေအနေကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ပွဲလမ်းသဘင်များ မကျင်းပနိုင်တော့ဘဲ ရှမ်းပြည်တောင်ပိုင်း၏ ရက်အရှည်ကြာဆုံး ပွဲတော်တစ်ခုဟု ဆိုနိုင်သော အင်းလေးကန် ဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲမှာလည်း ရောဂါအခြေအနေကြောင့် ယခုနှစ် မကျင်းပနိုင်တော့ကြောင်း ဂေါပကအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးမှာလည်း COVID-19 ကြောင့် ပွဲတော်ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အတည်ပြု ပြောကြားသည်။
“ဒီအခြေအနေအတိုင်း ဆိုရင်တော့ ပွဲတော်ကျင်းပဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့။ အခုက ကျန်းမာရေး အခြေအနေတွေကို ညွှန်ကြားချက်များ လိုက်နာကြဖို့ စည်းကမ်းတင်းကျပ်ပြီး ဆောင်ရွက်သွားမယ့်အပြင် ပြည်သူလူထုကိုလည်း အသိပညာပေး ဆောင်ရွက်ဖို့ မြို့နယ်တွေကိုလည်း ညွှန်ကြားထားပြီးဖြစ်တယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။
၁၉၇၀ မှ ၁၉၈၀ ပြည့်နှစ်အကြားရှိ ခုနှစ် တစ်ခုတွင် အဆုတ်ပလိပ်ရောဂါကြောင့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် မကျင်းပဖြစ်ဘဲ တစ်ကြိမ်ရပ်နားဖူးကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်အသင်းဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ဆိုသည်။
“တန်ဆောင်တိုင် မီးပုံးပျံကတော့ ဒီနှစ်တော့ ပွဲဖြစ်ဖို့ အခွင့်အရေး နည်းသွားပြီပေါ့နော်။ ကူးစက်ရောဂါ တစ်ကျော့ပြန်ထလာတော့ ကျန်းမာရေးဌာနက ဖြေလျှော့မှုတွေ ပြန်တင်းကျပ်လာတဲ့ အပိုင်းလေးတွေ တွေ့ရတဲ့အတွက် ပွဲကျင်းပဖို့ နည်းသွားပြီလို့တော့ သုံးသပ်လို့ရတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ကြား သက္ကရာဇ်တော့ ကောင်းကောင်း မမှတ်မိဘူး။ တောင်ကြီးမြို့မှာ နျူမောနစ်ပလိပ်ပေါ့။ အဆုတ်ချောင်းဆိုးကနေ ကူးစက်တဲ့ ပလိပ်ပေ့ါ။ ချောင်းဆိုးရာကနေ ကူးစက်တဲ့ အဆုတ်ပလိပ် ရောဂါကူးတာရှိလို့ စဝ်စံထွန်းဆေးရုံက ဆရာဝန်တစ်ဦး ဆုံးသွားလို့ အဲဒီနှစ်က မီးပုံးပျံပွဲတော်ကို ဖျက်လိုက်တယ်။ အဲဒီတစ်နှစ်တော့ ရှိဖူးပါတယ်။ ဒီနှစ်တော့ မသေချာတော့ဘူးပေါ့။ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်လည်း မကြွချီဖြစ်ဘူး။ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်တာပေ့ါ” ဟု ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင် အသင်းဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ပြောကြားသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ၁၀ ရက်တိတိ ကျင်းပလေ့ရှိပြီး ၂၀၁၉ ခုနှစ်တွင် နိုဝင်ဘာ ၄ ရက် မှ ၁၂ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ၊ အဖိတ်နေ့နှင့် လပြည့်နေ့များတွင် လူသိန်းပေါင်းများစွာ လာရောက် လည်ပတ်လေ့ရှိသဖြင့် တိုးမပေါက်အောင် စည်ကားလေ့ရှိသော မြန်မာနိုင်ငံ၏ ထင်ရှားသော ပွဲတော်တစ်ခု ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် ရိုးရာမီးပုံးပျံပွဲတော်၊ အဖိတ်နေ့တွင် မြို့လုံးကျွတ် ဘုံကထိန်ပွဲတော်၊ မသိုးသင်္ကန်းယက်ပြိုင်ပွဲ၊ အဖိတ်ညတွင် ပအိုဝ်းမီးပဒေသာ လှည့်လည်ခြင်း၊ လပြည့်ညတွင် မြို့လုံးကျွတ် မီးစကြာနှင့် မီးပဒေသာ အလှအပ လှည့်လည်ခြင်း ပြိုင်ပွဲတို့အပြင် အခြားသော ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။















