ကွန်ဟိန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ SNDP ပါတီ မဲဆွယ်စည်းရုံးရေး စတင်

ကွန်ဟိန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ SNDP ပါတီ မဲဆွယ်စည်းရုံးရေး စတင်
ကွန်ဟိန်းမြို့တွင် SNDP ပါတီက ပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနား ပြုလုပ်စဉ်
ကွန်ဟိန်းမြို့တွင် SNDP ပါတီက ပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနား ပြုလုပ်စဉ်
Published 22 September 2020
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က မဲဆွယ်စည်းရုံးရေး စတင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကွန်ဟိန်းမြို့နယ် ကွန်ဟိန်းမြို့နှင့် ကာလိမြို့တို့တွင် ဆိုင်းဘုတ်အလတ် သုံးခုထောင်ခြင်း၊ စီတန်းလှည့်လည်ခြင်းနှင့် စုဝေးဟောပြောခြင်းတို့ကို စက်တင်ဘာ ၂၁ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် ခြောက်ပေအကွာထိုင်ခြင်း၊ တတ်နိုင်သမျှ ခပ်ခွာခွာနေခြင်း နည်းလမ်းတို့ဖြင့် စုဝေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အခုတော့ မနေ့ကစတင်ပြီးတော့ မဲဆွယ်စည်းရုံးရေး စတင်ဆောင်ရွက်ပါတယ်။ အခြေအနေ တော်တော်လေး ကောင်းပါတယ်။ အစီအစဉ် ဖိတ်စာလေး၊ ငါးဆယ်လောက် ဖိတ်ပြီးတော့ ပြည်သူလူထု ဝိုင်းဝန်း အားပေးကြတာပေ့ါ။ လူ ၃၀၀ ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ ကိုဗစ်ကာလကတော့ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခြား၊ လူစုလူဝေး ၅၀ ဦးထက် မကျော်ရ နည်းနည်း အခက်အခဲရှိတာပေ့ါ။ ကျွန်တော်တို့က တတ်နိုင်သလောက် ကာကွယ်ထားတယ်ဗျ။ Mask တွေ တပ်ထားတယ်။ လက်ဆေးဂျယ်တွေ ကာကွယ်ထားတယ်။ မနေ့ကပဲ လှည့်လည်ဟောပြောတယ်။ ကိုဗစ်ကြောင့်မို့လို့ပေါ့။ နို့မို့ရင် ထပ်ပြီးတော့ လှည့်လည်ချင်သေးတယ်ဗျ။ မနေ့ကတော့ ဝမ်ဟိန်းကျေးရွာမှာ ဆိုင်းဘုတ်ထောင်တယ်။ ကွန်ဟိန်းနဲ့ ကာလိမှာ ရုံးနှစ်ရုံးပဲ ရှိတာပေ့ါ။ အောင်နိုင်ဖို့ မျှော်လင့်တာပေ့ါ။ ကွန်ဟိန်းမြို့နယ်မှာ ပြည်နယ် (၁) (၂)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း လေးယောက် ရှိတာပေါ့” ဟု ကွန်ဟိန်းမြို့နယ် ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးဆန်ခမ်းသြက ပြောကြားသည်။

ကွန်ဟိန်းမြို့နယ်တွင် တည်ငြိမ်အေးချမ်းနေပြီး နယ်မြေအတွင်း လွတ်လပ်စွာ မဲပေးနိုင်ခွင့်အခြေအနေ ရရှိထားကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အနည်းငယ်ခက်ခဲသော ကျေးရွာများရှိပြီး ကွန်ဟိန်းမြို့နယ် တစ်ခုလုံးတွင် လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ ရာခိုင်နှုန်း ၈၀ ခန့် ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent