COVID-19 ရောဂါနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်အတွက် အသုံးပြုရန် သတ်မှတ်ထားသည့် ကျပ်ဘီလျံ ၁၀၀၀ ကို သုံးစွဲသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက် ည ၈ နာရီတွင် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခု ပြည်သူတွေအတွက် ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ လုပ်တယ်ဆိုတဲ့အခါမှာ အခုလောလောဆယ် ကိစ္စတွေကိုသာ ကျွန်မတို့ ကြည့်တာမဟုတ်ပါဘူး။ နောင်ဖြစ်လာမယ့် ကိစ္စတွေကို ကြည့်ပါတယ်။ ကိုဗစ်အလွန်ကာလမှာ ကျွန်မတို့ စီးပွားရေး မကျဆင်းအောင်လို့ အတိုင်းအတာအထိ စီးပွားရေး အခက်အခဲတွေကတော့ ဖြစ်မှာပါ။ ဒါတစ်ကမ္ဘာလုံးမှာ ဖြစ်နေတယ်ဆိုတာလည်း ကျွန်မတို့ ပြည်သူတွေ သိပြီးသားဖြစ်မှာပါ။ နိုင်ငံတွေ စီးပွားရေး အတိုးတက်ဆုံး၊ စီးပွားရေး အကောင်းဆုံး နိုင်ငံတွေမှာတောင်မှ ကိုဗစ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုတွေက ရှိနေပါတယ်။ အနည်းဆုံးထိခိုက်မှု။ ဒါပေမဲ့လည်း ဒီဟာတွေဟာ ကျွန်မတို့ ပြည်သူတွေအပေါ်မှာ ရှိအောင်ဆိုပြီးတော့ ကျွန်မတို့ ပြင်ဆင်ထားပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့အနေနဲ့ အထွေထွေပိုလျှံငွေပေါ့။ ဒါဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလျံ ၁၀၀၀ ကျော်၊ တစ်ဘီလျံဆိုတာက သန်း ၁၀၀၀ ဆိုတာ ကျွန်မတို့ ပြည်သူတွေ သိပြီးသားပဲ ကျွန်မတို့ ထင်ပါတယ်။ ဘီလျံ ၁၀၀၀ ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး အဲဒီဟာကို ကျွန်မတို့ သတ်မှတ်လိုက်ပါတယ်။ သဘာဝဘေးအန္တရာယ် ဆိုတော့ ကိုဗစ်နဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ ဒီလို သတ်မှတ်ထားတဲ့ ငွေဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ သုံးဖို့ပါ။ တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့မဟုတ်ပါဘူး။ တခြားသဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ရင် အဲဒီရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ်။ အခုဘီလျံ ၁၀၀၀ ကျော် ရွှေ့ပြောင်းလိုက်တယ် ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေအတွက်၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ယခုကဲ့သို့ ပြောခြင်းမှာ ပြည်သူလူထုအတွက် တတ်နိုင်သမျှ ပြင်ဆင်ထားသည်ကို သိစေချင်ပြီး စိုးရိမ်မလွန်စေချင်ဘဲ မပေါ့ကြရန် မေတ္တာရပ်ခံကြောင်း၊ ပေါ့ဆမှုများသဖြင့် ရုန်းကန်နေရပြီး အကောင်းဆုံးရင်ဆိုင်၍ ကျော်လွှားရန်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး ထုတ်လုပ်နိုင်တဲ့အခြေအနေ ၊ ကုသဆေး ထုတ်လုပ်နိုင်သည့်အခြေအနေ မရှိသော်လည်း အဆိုပါဆေးများ ပေါ်လာသည့် အချိန်နှင့် တစ်ပြေးညီ မိမိတို့နိုင်ငံကို မြန်နိုင်သလောက် မြန်မြန်ရောက်နိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။















