၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေး၏ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ရေးဆွဲမည်ဟု ဗိုလ်မှူးကြီးစိုင်းငင်း ပြောကြား

၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေး၏ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ရေးဆွဲမည်ဟု ဗိုလ်မှူးကြီးစိုင်းငင်း ပြောကြား
Published 15 September 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး၏ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (NCA-S EAO UPDJC) နှင့် Center for Humanitarian Dialogue (HD Center) တို့ စီစဉ်၍ Framework & Peace Architect Review အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်တွင် Online Video Conference ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း အသုံးပြုလာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရဲ့ အားသာချက်၊ အားနည်းချက်များကို သုံးသပ်သွားဖို့ လိုအပ်ပါတယ်။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ပိုမိုကောင်းမွန်တဲ့ ထိရောက်တဲ့မူဘောင်ကို ဆွေးနွေးဖို့ ရှိပါတယ်။ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးရဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်များကို အခြေခံပြီး လာမယ့် မူဘောင်ကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ယခုကဲ့သို့ အရေးကြီးသော အလုပ်ရုံဆွေးနွေးပွဲမျိုးသည် လူချင်းမျက်နှာချင်းဆိုင်ထိုင်၍ ပြုလုပ်မှသာ ပိုမိုထိရောက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် တစ်ရှိန်ထိုးမြင့်တက်လာသော COVID-19 ကပ်ရောဂါ အခြေအနေအရ ယခုကဲ့သို့ အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကိုအခြေခံ၍ နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စများကို ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်ရေးအတွက် မူဘောင်ကို သေချာစွာ ပြင်ဆင်ချမှတ်ထားရန် လိုအပ်ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

Most Read

Most Recent