အဆောက်အအုံနှင့် ပြင်ပနေရာများတွင် ပြုလုပ်သည့် စုဝေးမဲဆွယ်ပွဲအခမ်းအနား၌ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ ဖြန့်ဝေမှုကို ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်းဖော်ပြရန်မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

အဆောက်အအုံနှင့် ပြင်ပနေရာများတွင် ပြုလုပ်သည့် စုဝေးမဲဆွယ်ပွဲအခမ်းအနား၌ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ ဖြန့်ဝေမှုကို ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်းဖော်ပြရန်မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
နောင်ချိုမြို့နယ် ဟိုနောင်ကျေးရွာတွင် SNLD ပါတီ မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်လာသူတစ်ဦးအား Mask ဝေငှခြင်းနှင့် အပူချိန်တိုင်းတာခြင်း ပြုလုပ်နေစဉ် (ဓာတ်ပုံ-SNLD)
နောင်ချိုမြို့နယ် ဟိုနောင်ကျေးရွာတွင် SNLD ပါတီ မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်လာသူတစ်ဦးအား Mask ဝေငှခြင်းနှင့် အပူချိန်တိုင်းတာခြင်း ပြုလုပ်နေစဉ် (ဓာတ်ပုံ-SNLD)
Published 12 September 2020
ဉာဏ်လင်းထွန်း

အဆောက်အအုံများနှင့် ပြင်ပနေရာများ၌ ပြုလုပ်သည့်စုဝေး မဲဆွယ်ပွဲအခမ်းအနားတွင် နှာခေါင်းစည်း၊ လက်သန့်ဆေးအပါအဝင် ကျန်းမာရေးဆိုင်ရာပစ္စည်းများ ဖြန့်ဝေမှုကို ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်းဖော်ပြရန်မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

၂၀၂၀ အထွေထွရွေးကောက်ပွဲအတွက် COVID-19 ရောဂါထိန်းချုပ်ရေးကာလ မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးပစ္စည်းများ ဖြန့်ဝေခြင်းနှင့်စပ်လျဉ်းသည့် ကော်မရှင်၏ကြေညာချက်တွင် ယင်းသို့ ဖော်ပြပါရှိသည်။

လွှတ်တော်အသီးသီးတွင် ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများနှင့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure-SOP) တို့ကို လိုက်နာဆောင်ရွက်ရမည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

ထိုသို့မဲဆွယ်စည်းရုံးရာတွင် အဆောက်အအုံများအတွင်းနှင့် ပြင်ပနေရာများတွင် သတ်မှတ်လူဦးရေဖြင့် ပြုလုပ်သည့် စုဝေးမဲ ဆွယ်ပွဲအခမ်းအနား၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများက နှာခေါင်းစည်း (Mask) ၊ မျက်နှာအကာ (Face Shield) ၊ လက်သန့်စင်ဆေးရည် (Hand Sanitizer) နှင့် လက်အိတ် (Glove) များကို မဲဆန္ဒရှင်များအား ဖြန့်ဝေခြင်းဖြစ်လျှင် ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်းဖော်ပြရန် မလိုကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သို့သော် ထိုသို့မဲဆွယ်စည်းရုံးရေးအခမ်းအနားမှအပ အခြားနည်းဖြင့် မဲဆွယ်စည်းရုံးခြင်းနှင့်စပ်လျဉ်းသည့် အထက်ပါ ပစ္စည်းများအတွက် သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေများပါ  ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ထားသည့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတွင် ထည့်သွင်းသုံးစွဲရမည်ဟု တစ်ဆက်တည်းဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်က ဆဋ္ဌမအကြိမ် ပြင်ဆင်ပြောင်းလဲခဲ့သည့် သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေများအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲအသုံးစရိတ်ကိုကျပ် သိန်းတစ်ရာအထိ သုံးစွဲခွင့်ရှိပြီး တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် သိန်းတစ်ရာ့ငါးဆယ် သုံးစွဲခွင့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက ပြောကြားသည်။

“ အရင်လို အားလုံးတစ်ပြေးညီမဟုတ်ပါဘူး။ ဘယ်လွှတ်တော်ဆို ဘယ်လောက်၊ ဘယ်လွှတ်တော်ဆို ဘယ်လောက် သတ်မှတ်ပေးထားတယ်။ အဲဒီထဲကအတိုင်း သုံးစွဲခွင့် ရှိပါတယ်” ဦးတင်မောင်အေးက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်းအမည် ကြေညာသည့်ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံ တင်ပြရမည်ဟု ရွေးကောက်ပွဲနည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်ပြနိုင်ခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို ကော်မရှင်က အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာနိုင်ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲအသုံး စရိတ်မတင်ပြနိုင်သည့် ကိုယ်စားလှယ်လောင်း ၁၆၀ ဦး ရှိခဲ့သည်။

ယင်းသို့ ရွေးကောက်ပွဲအသုံးစရိတ် မတင်ပြနိုင်၍ ကြေညာခံရသူအနေဖြင့် အဆိုပါ လွှတ်တော်သက်တမ်းအတွင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်အရ ပြင်ပနေရာ၊ အဆောက်အအုံများအတွင် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင် နေရာအကျယ်အဝန်းအပေါ် မူတည်၍ တစ်ကြိမ်လျှင် လူ ၅၀ ထက်မပိုရန်နှင့် တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာစီ စီစဉ်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် စုဝေးမဲဆွယ်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရန်နှင့် လာရောက်သည့် မဲဆန္ဒရှင်များ အသုံးပြုနိုင်ရေးအတွက် လက်သန့်ဆေးများ ထားရှိရန်တို့ကို ဆောင်ရွက်ရမည်ဟုလည်း ဖော်ပြပါရှိသည်။

သို့သော် Stay at Home အစီအစဉ် သတ်မှတ်သည့်နေရာများတွင် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာနှင့် အဆောက်အဦးများအတွင်း မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်းတို့ ဆောင်ရွက်ခွင့်မရှိခြင်းအပါအဝင် အကန့်အသတ်အချို့က မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲရှိကြောင်း နိုင်ငံရေးပါတီ တာဝန်ရှိသူများက မှတ်ချက်ပြုသည်။

ထို့ကြောင့် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်  ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းအသုံးပြု မဲဆွယ်စည်းရုံးခြင်း၊ ပါတီတံဆိပ်၊ အမှတ်အသားများပါ မော်တော်ယာဉ်များဖြင့် မြို့နယ်အတွင်း လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပန်းဖလက်ဝေခြင်းနှင့် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် စိုက်ထူခြင်းတို့ဖြင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent