အားကစားသမား မပီသသည့် လုပ်ရပ်ကြောင့် US Open ပြိုင်ပွဲမှ  ဂျိုကိုဗစ် ထုတ်ပယ်ခံခဲ့ရပြီး ၎င်းအပေါ် ဝေဖန်ပြစ်တင်မှုများရှိိနေ

အားကစားသမား မပီသသည့် လုပ်ရပ်ကြောင့် US Open ပြိုင်ပွဲမှ  ဂျိုကိုဗစ် ထုတ်ပယ်ခံခဲ့ရပြီး ၎င်းအပေါ် ဝေဖန်ပြစ်တင်မှုများရှိိနေ
Photo: Essentially Sports
Photo: Essentially Sports
Published 7 September 2020

လက်ရှိ ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်သည် အားကစားသမားမပီသသည့် လုပ်ရပ်ကြောင့် 2020 US Open ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရပြီး ၎င်းသည် ပြိုင်ပွဲက ထုတ်ပယ်ခံရပြီးချိန်တွင် တရားဝင်တောင်းပန်မှုမလုပ်ဘဲ ပြန်သွားခဲ့သဖြင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

    

ဂျိုကိုဗစ်သည် US Open ပြိုင်ပွဲ၏ စတုတ္ထအဆင့်တွင် စပိန်ကစားသမား ပါဘလိုကာရီနိုဘူစတာနှင့် ဆုံတွေ့ခဲ့ပြီး (၅-၆)မှတ်ဖြင့် ရှုံးနိမ့်နေချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်ကာ ဘောလုံးကို ကွင်းပြင်သို့ ရိုက်ထုတ်ခဲ့ရာ ဘေးစည်းစောင့်ကြည့်ဒိုင် အမျိုးသမီး၏ လည်ပင်းကို ထိခိုက်မိခဲ့သည်။ 

ဂျိုကိုဗစ်သည် ထိခိုက်မိကြောင်းသိသည်နှင့် စိုးရိမ်သွားခဲ့ပြီး ချက်ချင်းသွားရောက်ကူညီခဲ့သော်လည်း ဘေးစည်းစောင့်ကြည့်ဒိုင်အမျိုးသမီးသည် ၎င်းအား ဒေါသထွက်နေပုံရပြီး၊ အသက်ရှူရခက်ခဲသည့် အခြေအနေမျိုးလည်း မြင်တွေ့ခဲ့ရသည်။ ယင်းနောက် သူသည် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ပြီး ဂျိုကိုဗစ်မှာမူ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများနှင့် စကားပြောခဲ့ရကာ နောက်ဆုံးတွင် တာဝန်ရှိသူများက ပြိုင်ပွဲမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    

ဂျိုကိုဗစ်သည် ယင်းပွဲတွင် (၅-၄)မှတ်ဖြင့် ဦးဆောင်ခဲ့သလို ပွဲငယ်ရမှတ်တွင်လည်း (၄၀-၀) မှတ်ဖြင့် ဦးဆောင်နေရာမှ ရမှတ်တူသွားသည့်အတွက် စိတ်ပျက်နေခဲ့ပြီး သူ၏ စပေးဘောအလှည့်တွင်လည်း ထပ်မံရှုံးနိမ့်ခဲ့ရာ (၅-၆)မှတ်ဖြစ်သွားခဲ့သည်။ ယင်းနောက် စပေးဘော လက်ခံရမည့် အလှည့်ဖြစ်သည့်အတွက် ဘောင်းဘီအတွင်းမှ ဘောလုံးကို ကွင်းအပြင်ဘက်သို့ ရိုက်ထုတ်ခဲ့ရာတွင် မထင်မှတ်ဘဲ ဘေးစည်းစောင့်ကြည့်ဒိုင်၏ လည်ပင်းကို ထိခိုက်မိခဲ့ခြင်းလည်းဖြစ်သည်။

    

US Open ပြိုင်ပွဲကျင်းပရေးကော်မတီက ယင်းဖြစ်ရပ်တွင် ဂျိုကိုဗစ်အား ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့သည့် လုပ်ရပ်ကို မှန်ကန်သည်ဟု ထုတ်ပြန်ခဲ့ပြီး ''ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲကနေ ရမယ့် သူ့ရဲ့ရမှတ်အားလုံးကို ဆုံးရှုံးမှာဖြစ်ပါတယ်။ ပြီးတော့ ဒီအဆင့်အထိ ရရှိထားတဲ့ ဆုကြေးငွေကိုလည်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမှာဖြစ်ပါတယ်''ဟု ပါရှိခဲ့သည်။

ဂရင်းစလင်းပြိုင်ပွဲများ၏ စည်းမျဉ်းအရ ကွင်းအတွင်းရှိ ဒိုင်များ၊ ပြိုင်ဘက်၊ ပရိသတ်နှင့် မည်သူ့ကိုမဆို ထိခိုက်စေသည့် လုပ်ရပ်များကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုအဖြစ် ဆုံးဖြတ်ပြီး ပြိုင်ပွဲမှ ထုတ်ပယ်ရမည်ဟုလည်း ဖော်ပြထားသည်။ ပြိုင်ဘက်တင်းနစ်ကစားသမား ကာရီနိုက ''ကျွန်တော်ကတော့ ဂျိုကိုဗစ်ဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်လို့ မထင်ပါဘူး။ ဘယ်တင်းနစ်ကစားသမားမှလည်း ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိလုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ စည်းမျဉ်းတွေအရဆိုရင်တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ''ဟု ဆိုခဲ့သည်။

    

ဂျိုကိုဗစ်သည် ကွင်းအတွင်း တာဝန်ရှိသူများနှင့် စကားပြောချိန်တွင် ''ဒီကိစ္စအတွက်ကြောင့်နဲ့ သူ ဆေးရုံ ရောက်သွားတာတော့ မဟုတ်ဘူးလေ''၊ ''ဒါလေးအတွက်နဲ့ ကျွန်တော့်ကို ထုတ်မလို့လား။ ကစားသမားဘဝ ဂုဏ်သိက္ခာရော၊ ဂရင်းစလင်းတစ်ခုကိုပါ ဆုံးရှုံးမှာလေ''စသည့် စကားများကို ပြောခဲ့ခြင်းအတွက်လည်း ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။ 

Most Read

Most Recent