မြောက်ဒဂုံ Capital စူပါမားကတ်မှ Quarantine ပြုလုပ်သည့် ဝန်ထမ်း ၃၄ ဦးအနက် သုံးဦးတွင် COVID-19 ရောဂါပိုး ထပ်မံ တွေ့ရှိ

မြောက်ဒဂုံ Capital စူပါမားကတ်မှ Quarantine ပြုလုပ်သည့် ဝန်ထမ်း ၃၄ ဦးအနက် သုံးဦးတွင် COVID-19 ရောဂါပိုး ထပ်မံ တွေ့ရှိ
Published 7 September 2020
ပြည့်ဖြိုးအောင်

မြောက်ဒဂုံ Capital စူပါမားကတ်မှ Quarantine ပြုလုပ်သည့် ဝန်ထမ်း ၃၄ ဦးအနက် သုံးဦးတွင် COVID-19 ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ Capital စူပါမားကတ်မှ Quarantine ပြုလုပ်သည့် ဝန်ထမ်း ၃၄ ဦးသည် COVID-19 Case- 1024 နှင့်အတူ အလုပ်လုပ်ကိုင်သူများဖြစ်သဖြင့် မှော်ဘီမြို့နယ်တွင် Quarantine ပြုလုပ်ရန် ပို့ဆောင်ထားခြင်းဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောကြားသည်။

“သုံးယောက်လို့ ကျွန်တော်တို့ အကြမ်းဖျင်းသိရတယ်။လိပ်စာအတိအကျတော့ မသိရသေးဘူး။Q ဝင်ခိုင်းထားတာက ၃၄ ယောက်ပါ။ဝန်ထမ်းအားလုံးပေါင်း ၃၅ ယောက်မှာ တစ်ယောက်ကို မြောက်ဥက္ကလာကို ပို့လိုက်တယ်။အဲဒီမြောက်ဥက္ကလာကလည်း ပိုးတွေ့သွားတယ်။အခုထပ်ပြီးတော့ သုံးယောက်တွေ့တယ်။အဲဒီတော့ ၃၅ ယောက်ထဲကနေ ၄ ယောက် တွေ့သွားပြီ” ဟု ဦးတင်ထွန်းနိုင်က ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၃ ရက် COVID-19 အတည််ပြုလူနာ ထုတ်ပြန်ချက်အရ Case- 1024 မှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်ပြီး မြောက်ဒဂုံမြို့နယ်ရှိ Capital စူပါမားကတ်တွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း သိရသည်။

ထို့နောက် COVID-19 Case- 1024 အလုပ်လုပ်ကိုင်သည့် မြောက်ဒဂုံမြို့နယ်ရှိ Capital စူပါမားကတ်ကို Lockdown ပြုလုပ်ပြီး ၎င်းနှင့်အတူ အလုပ်လုပ်ကိုင်ခဲ့သည့် ဝန်ထမ်း ၃၄ ဦးကို စက်တင်ဘာ ၃ ရက် ညနေပိုင်းတွင် လူမှုကူညီ ရေးအဖွဲ့များ၏ အကူအညီဖြင့် လာရောက် ခေါ်ဆောင်ခဲ့ပြီး မှော်ဘီရှိ နည်းပညာတက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် Quarantine စင်တာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Case- 1024 သည် တောင်ဥက္ကလာပမြို့နယ် အမှတ် (၇) ရပ်ကွက် ရှင်သိဒ္ဓါတ် (၉) လမ်းနှင့် (၁၀) လမ်းကြား စျေးလမ်းနှင့် (၁၀) လမ်း(ခ) ရှိ လိုင်းခန်းတွင် နေထိုင်ခြင်းဖြစ်သည့်အတွက် အဆိုပါ နေအိမ်လိုင်းခန်းနှင့် လမ်းကို lockdown ပြုလုပ်ထားပြီး ယင်းလိုင်းခန်းတွင်နေထိုင်သူများကို Quarantine ထားရှိထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆၄ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ရှစ်ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent