၂၀၂၀-၂၁ ရာသီကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြီးမသတ်နိုင်ခဲ့ပါက ဆုံးဖြတ်ရမည့်နည်းလမ်းများအား ပရီးမီးယားလိဂ် အဆိုပြုမည်

၂၀၂၀-၂၁ ရာသီကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြီးမသတ်နိုင်ခဲ့ပါက ဆုံးဖြတ်ရမည့်နည်းလမ်းများအား ပရီးမီးယားလိဂ် အဆိုပြုမည်
Published 27 August 2020

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် လာမည့် ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအား ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြီးမသတ်နိုင်ခဲ့ပါက မည်ကဲ့သို့ ဆုံးဖြတ်ရမည်ဆိုသည်ကို နည်းလမ်းရှာဖွေလျက်ရှိနေကြောင်း သိရသည်။ 

ယင်းကိစ္စအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ တာဝန်ပေးအပ်ခံထားရသောအဖွဲ့သည် လာမည့်စက်တင်ဘာ(၃)ရက်နေ့တွင် ကလပ်အသင်းများထံသို့ ၎င်းတို့၏အဆိုပြုလွှာများကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အကယ်၍ လာမည့်ရာသီပွဲစဉ်များ၏ အနည်းဆုံး (၅၀)ရာခိုင်နှုန်းကို ကစားခဲ့ပြီးသည့်အချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲများကို ရပ်ဆိုင်းခဲ့ရပါက မည်ကဲ့သို့ ဆုံးဖြတ်မည်ဆိုသည်ကို ယင်းအဆိုပြုချက်တွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ချန်ပီယံအသင်း၊ ဥရောပဝင်ခွင့် ရရှိမည့်အသင်းနှင့် တန်းဆင်းမည့်အသင်းများကို ဆုံးဖြတ်ရမည့်နည်းလမ်းများအား အဆိုပြုချက်တွင် ဖော်ပြသွားမည်ဖြစ်ပြီး ကလပ်အသင်းများထံမှ ထောက်ခံချက်ရရှိမည်ဟု ပရီးမီးယားလိဂ်တာဝန်ရှိသူများက ယုံကြည်ထားကြသည်။ 

အကယ်၍ အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်လှိုင်းလုံး နောက်ထပ်ရိုက်ခတ်လာသည့်တိုင်  ပရီးမီးယားလိဂ်ပွဲစဉ်များကို ပုံမှန်အတိုင်း ဆက်လက်ကစားရန် တာဝန်ရှိသူများက ရည်ရွယ်ထားသော်လည်း အဆိုးဆုံးဖြစ်ပေါ်လာမည့်အခြေအနေအပါအဝင် ဖြစ်နိုင်ခြေအမျိုးမျိုးအတွက်  ဆွေးနွေးလျက်ရှိနေကြောင်း သိရှိရသည်။ 

ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုမူ (၉၂)ပွဲကစားရန် ကျန်ရှိချိန် မတ်လအလယ်တွင် ရပ်နားခဲ့ရသော်လည်း ဇွန်(၁၇)ရက်နေ့တွင် ပြန်လည်စတင်ကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်(၂၆)ရက်နေ့တွင် ပွဲစဉ်များကို အဆုံးသတ်နိုင်ခဲ့သည်။ 

လာမည့်ဆောင်းရာသီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်လှိုင်းလုံးတစ်ခု အင်္ဂလန်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်လာနိုင်သည်ဟု တာဝန်ရှိသူများက ကြိုတင်တွက်ဆထားကြပြီး ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရာသီမပြီးဆုံးမီ ရပ်တန့်သွားနိုင်သည့်အခြေအနေအတွက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။ 

ယင်းအတွက်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအမျိုးမျိုးအတွက် ကြိုတင်အဖြေရှာရန် အဖွဲ့တစ်ခု ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းအဖွဲ့မှာ ဥပဒေကြောင်းဆိုင်ရာအရ ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများအတွက်လည်း ကြိုတင်လေ့လာထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီ ပြင်သစ်လီဂူးပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီမကုန်ဆုံးမီ ရပ်တန့်ခဲ့ရပြီး  ချန်ပီယံအသင်း၊ ဥရောပဝင်ခွင့်ရအသင်းနှင့် တန်းဆင်းအသင်းများအပါအဝင် အမှတ်ပေးဇယားရပ်တည်မှုကို  တစ်ပွဲပျမ်းမျှရမှတ်ဖြင့် ဆုံးဖြတ်ခဲ့သည်။ 

ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းကို မကျေနပ်ခြင်းကြောင့် လိုင်ယွန်နှင့် တန်းဆင်း (၂)သင်းဖြစ်သည့် အာမီယန်စ်နှင့် တူးလူးတို့က ပြင်သစ်လိဂ်တာဝန်ရှိသူများအား တရားစွဲဆိုခဲ့သည်။ 

သို့သော် ယင်းတရားစွဲဆိုမှုကို ပြင်သစ်တရားရုံးက ပယ်ချခဲ့သည်။

Most Read

Most Recent