အသင်းဟောင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်နှင့် တွေ့ဆုံနေသော်လည်း ထူးထူးခြားခြား ပြင်ဆင်မှုပြုလုပ်ထားခြင်းမရှိကြောင်း ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား

အသင်းဟောင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်နှင့် တွေ့ဆုံနေသော်လည်း ထူးထူးခြားခြား ပြင်ဆင်မှုပြုလုပ်ထားခြင်းမရှိကြောင်း ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား
Photos: Hantharwady United Facebook
Photos: Hantharwady United Facebook
Published 26 August 2020

ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် MNL ပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲစဉ်အဖြစ် သြဂုတ် (၂၆)ရက်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ 

ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက အသင်းဟောင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သော်လည်း ထူးထူးခြား ခြားပြင်ဆင်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် MNL ပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲစဉ်အဖြစ် သြဂုတ် (၂၆)ရက်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ 

"တစ်ပွဲချင်းစီပြင်ဆင်သလိုပဲ ပြင်ဆင်ထားပါတယ်။ ရန်ကုန်ယူနိုက်တက်နဲ့ တွေ့ဆုံရမှာဖြစ်လို့ဆိုပြီး ထူးထူးခြားခြားတွေ ပြင်ဆင်တာမျိုးမရှိပါဘူး။ အသင်းဟောင်းနဲ့ ပြန်တွေ့တာကတော့  တကယ်ပဲ စိတ်လှုပ်ရှားဖို့ကောင်းတဲ့အခြေအနေဖြစ်ပါတယ်။ ကျွန်တော်က ရန်ကုန်အသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စခဲ့တယ်။ နည်းပြဘဝကိုလည်းရန်ကုန်မှာ စခဲ့တဲ့သူပါ။ နောက်တစ်ချက်ကတော့ ကျွန်တော့်ရဲ့မွေးရပ်မြေက ပဲခူး။ ဒီလို အခြေအနေတွေကြောင့် ကိုယ့်မွေးရပ်မြေကို ကိုယ်စားပြုထားတဲ့ ဟံသာဝတီနဲ့ ကစားသမားဘဝရော နည်းပြဘဝကိုပါ စတင်ခဲ့တဲ့ ရန်ကုန်တို့ရဲ့တွေ့ဆုံမှုက ကြည့်ကောင်းမှာတော့ အသေအချာပါပဲ" ဟု ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက Eleven Sports သို့ ပြောကြားခဲ့သည်။

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲများကို သြဂုတ်(၂၂)ရက်မှ အောက်တိုဘာ (၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ် (၁၀)လက်ကျန်ပွဲများကိုပြီးခဲ့သည့် သြဂုတ် (၂၂၊ ၂၃)ရက်တွင် စတင်ကျင်းပခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် MNL ပြိုင်ပွဲ ခေတ္တရပ်နားချိန်တွင် (၁၀) ပွဲ ကစား (၉)ပွဲနိုင်၊ (၁)ပွဲရှုံးဖြင့် (၂၇)မှတ်ရထားသော်လည်း ဖျက်သိမ်းသွားသည့် ချင်း၊ ဇွဲကပင် အသင်းတို့နှင့်ရလဒ်များကို ပယ်ဖျက်ခံခဲ့ရသည်။ 

သို့ဖြစ်ရာ ဟံသာဝတီယူနိုက်တက်အသင်းသည် လက်ရှိအချိန်တွင် (၂၁)မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နေသော်လည်း ဒုတိယနေရာမှ ဧရာဝတီအသင်းနှင့် (၁)မှတ်သာ ကွာဟနေသည်။ ရန်ကုန်ယူနိုက်တက်အသင်းကလည်း ပွဲစဉ် (၁၀)အပြီးတွင် (၈)ပွဲကစား (၅)ပွဲနိုင်၊ (၂) ပွဲသရေ၊ (၁)ပွဲရှုံးဖြင့် (၁၇)မှတ်ရရှိထားပြီး တတိယနေရာ၌ ရပ်တည်နေသည်။

Most Read

Most Recent