နည်းပြသစ် ရော်နယ်လ်ကိုးမန်း၏ အနာဂတ်အစီအစဉ်တွင် မပါဝင်သည့် တိုက်စစ်မှူး ဆွာရက်ဇ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းရန် ဘာစီလိုနာအသင်း စီစဉ်နေ

နည်းပြသစ် ရော်နယ်လ်ကိုးမန်း၏ အနာဂတ်အစီအစဉ်တွင် မပါဝင်သည့် တိုက်စစ်မှူး ဆွာရက်ဇ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းရန် ဘာစီလိုနာအသင်း စီစဉ်နေ
Photos: Getty Images
Photos: Getty Images
Published 25 August 2020

ဘာစီလိုနာအသင်းသည် နည်းပြသစ် ရော်နယ်လ်ကိုးမန်း၏ အနာဂတ်အစီအစဉ်တွင် ပါဝင်ခြင်းမရှိသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ် ဖျက်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။

ဆွာရက်ဇ်(၃၃ နှစ်)သည် ဘာစီလိုနာအသင်းတွင် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ(၁၉၈)ဂိုးသွင်းယူပေးထားသူဖြစ်ပြီး အသင်း၏သမိုင်းတစ်လျှောက် တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသည်။

သို့သော် ဘာစီလိုနာအသင်းသည် နည်းပြသစ် ကိုးမန်းနှင့် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်သွားရန် ပြင်ဆင်နေရာ အသက်အရွယ်ရလာပြီဖြစ်သည့် ဆွာရက်ဇ်ကို စာချုပ်ဖျက်သိမ်းရန် စီစဉ်နေခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် ဘာစီလိုနာ အသင်းတွင် တစ်ပတ်လုပ်ခ ပေါင်(၂၉၀၀၀၀) ရရှိနေသူဖြစ်သလို၊ ၂၀၂၁ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားပြီး လက်ရှိအချိန်တွင် အားလပ်ရက် အနားယူလျက်ရှိသည်။

နည်းပြသစ် ကိုးမန်းသည် ဆွာရက်ဇ်အား ၎င်း၏ အနာဂတ်အစီအစဉ်တွင် ပါဝင်ခြင်းမရှိတော့ဟု တနင်္လာနေ့က ဖုန်းဆက်၍ အသိပေးခဲ့ပြီးနောက် ဘာစီလိုနာအသင်းက စာချုပ်ဖျက်သိမ်းရန် စီစဉ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် ဆွာရက်ဇ်၏ ရှေ့နေများနှင့် ဆွေးနွေးကာ စာချုပ်ဖျက်သိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကတ်တလန်အခြေစိုက် ရေဒီယိုဌာနဖြစ်သည့် RACI က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲခဲ့ရပါက အသင်းဟောင်း အေဂျက်စ်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent