COVID-19ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မဲရုံများတည်ဆောက်ရာတွင် ကျယ်ဝန်းသည့် အဝန်းအဝိုင်းဖြစ်ရန်နှင့် မဲရုံတစ်ရုံတွင် မဲဆန္ဒရှင် ၁၀၀၀ ထက်ပိုနေပါက အဆိုင်းခွဲရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

COVID-19ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မဲရုံများတည်ဆောက်ရာတွင် ကျယ်ဝန်းသည့် အဝန်းအဝိုင်းဖြစ်ရန်နှင့် မဲရုံတစ်ရုံတွင် မဲဆန္ဒရှင် ၁၀၀၀ ထက်ပိုနေပါက အဆိုင်းခွဲရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 24 August 2020

COVID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် မဲရုံများတည်ဆောက်ရာတွင် ကျယ်ဝန်းသည့် အဝန်းအဝိုင်းဖြစ်ရန်နှင့် မဲရုံတစ်ရုံတွင် မဲဆန္ဒရှင် ၁၀၀၀ ထက်ပိုနေပါက အဆိုင်းခွဲရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုင်ရာ၊ မဲဆန္ဒ ရှင်စာရင်းဆိုင်ရာ၊ မဲရုံများ လျာထားသတ်မှတ် ခြင်းဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ သြဂုတ် ၂၄ ရက် သတင်းထုတ် ပြန်မှုအရ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျန်းမာရေး စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သရုပ်ပြမဲရုံများခင်းကျင်းပြီး လိုအပ်ချက်များကို ကြိုတင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများကို ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်လည်း ညွှန်ကြား ချက်များနှင့်အညီဆောင်ရွက်နိုင်ရေး ကြိုတင်စီမံထားရန်လိုမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။ 

ထို့အတူ ရောဂါကာကွယ်တားဆီးနိုင် ရေးအတွက် လိုအပ်သည့် Mask များ၊  Hand Gel  များ ဖြန့်ဝေပေးနိုင်ရေး အတွက်လည်း စီမံဆောင်ရွက်နေပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မဲရုံများတည်ဆောက်ရာတွင် ကျယ်ဝန်းသည့် အဝန်းအဝိုင်းဖြစ်ရန်၊ လိုအပ်လျှင် အဆိုင်းများခွဲနိုင်ရန်၊ မဲဆန္ဒရှင်များ တန်းစီရာတွင် လုံလောက်သည့်အကွာအ ဝေးနေရာဖြစ်ရန် စီမံရမည်ဖြစ်ကြောင်း၊ မဲရုံ တစ်ရုံတွင် မဲဆန္ဒရှင်အရေအတွက် ၁၀၀၀ ထက်ပိုနေလျှင် နှစ်ဆိုင်းခွဲရန်နှင့် ၂၀၀၀ အ ထက်ပိုလျှင် သုံးဆိုင်းခွဲဆောင်ရွက်ရန်လိုမည်ဖြစ်ကြောင်း၊ အဆိုင်းပေါ်မူတည်ပြီး တိုးလာမည့် မဲရုံအဖွဲ့ဝင်ကိုလည်း တွက်ချက်ဆောင် ရွက်ရန်လိုမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ထို့ပြင် ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာခြင်းပြီးဆုံးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပေးရန် လျှောက်ထားမှုများလည်းလက်ခံရရှိပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်နေကြ ပြီဖြစ်ကြောင်း၊ မဲစာရင်းတွင်ကျန်ရှိ၍ ပုံစံ (၃) ဖြင့်လျှောက်ထားသူများကို မဲပေးခွင့်ရှိ သူဖြစ်ပါက မဲစာရင်းတွင်ဖြည့်သွင်းရန်နှင့် ထပ်မံမကျန်ရှိစေရန် ၊ ပုံစံ (၄) ဖြင့် ပယ်ဖျက် ရန် တောင်းဆိုထားသည့် မပါဝင်သင့်သူများ ကို မဲစာရင်းတွင် ပယ်ဖျက်ရန်၊ ပုံစံ (၄-ဂ) ဖြင့်လျှောက်ထားသည့် ပြင်ဆင်ရမည့်အချက် အလက်များကို မှန်ကန်စွာ ပြင်ဆင်ပေးရန်၊ ပထမအကြိမ်မဲစာရင်းတွင်ပါဝင်ပြီး ဒုတိယအကြိမ်မဲစာရင်းကပ်ထားချိန်တွင် မပါရှိခြင်း မျိုးမဖြစ်စေရန်ကို စနစ်တကျဆောင်ရွက်ကြ ရန်လိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ 

အလားတူ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းများကို သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပြီးလျှင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ကြေညာရမည်ဖြစ်ကြောင်း၊ လွှတ် တော်ကိုယ်စားလှယ်လောင်းစာရင်းများ ကြေညာပြီးလျှင် မဲဆွယ်စည်းရုံးခွင့်ပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ယင်းအပြင် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် ရွေးကောက်ပွဲလေ့လာသူများကို ခွင့် ပြုထားပြီးဖြစ်ကြောင်း၊ ကော်မရှင်တွင်လည်း လျှောက်ထားမှုများရှိနေပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကတ်များထုတ်ပေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလတွင်  ရွေးကောက်ပွဲနေ့သတင်း မီဒီယာသမားများ သတင်းရယူခွင့် ခွင့်ပြုကြောင်းနှင့် လျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ခြောက်ပေအကွာဖြင့် မဲထည့်နှုန်းသတ်မှတ်ရာ တစ်ဦးလျှင် မဲပေးချိန် ခုနစ်မိနစ်နှုန်း ကြာမြင့်နိုင်ပြီး မဲရုံတစ်ရုံလျှင် မဲဆန္ဒရှင် ၇၀၀ ထက်မပိုပါက အဆင်ပြေမည်ဟု ယူဆကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က သြဂုတ် ၅ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပြုလုပ်သည့် အွန်လိုင်းစကားဝိုင်းတွင် ထည့်သွင်း ပြောကြားထားသည်။

 

Most Read

Most Recent