လာမည့်ရာသီတွင် မန်ယူအသင်းဝတ်ဆင်မည့် တတိယအကျႌဒီဇိုင်း တရားမဝင်ထွက်ပေါ်လာပြီး ပရိသတ်များဝေဖန်

လာမည့်ရာသီတွင် မန်ယူအသင်းဝတ်ဆင်မည့် တတိယအကျႌဒီဇိုင်း တရားမဝင်ထွက်ပေါ်လာပြီး ပရိသတ်များဝေဖန်
Published 20 August 2020

လာမည့် ၂၀၂၀-၂၁ ရာသီတွင် မန်ယူအသင်း ဝတ်ဆင်မည့် တတိယအကျႌဒီဇိုင်းမှာ လူမှုကွန်ရက်စာမျက်နှာများတွင် တရားမဝင်ထွက်ပေါ်လာခဲ့ပြီး မန်ယူပရိသတ်အချို့က ယင်းဒီဇိုင်းကို ဒေါသတကြီးဝေဖန်နေကြကြောင်း သိရှိရသည်။

မန်ယူအသင်းသည် လာမည့်ရာသီတွင် ဝတ်ဆင်မည့်အိမ်ကွင်း၊ အဝေးကွင်း(ပထမနှင့် ဒုတိယ)အကျႌဒီဇိုင်းများကို တရားဝင်ကြေညာထားပြီး ဖြစ်ပြီး ယခု တတိယအကျႌဒီဇိုင်းမှာ Footy Headlines ဝက်ဘ်ဆိုက်မှ တစ်ဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

အကျႌဒီဇိုင်းမှာ အဖြူရောင်ပေါ်တွင် အမည်းရောင်အစင်းကြောင်းများ ကန့်လန့်ဖြတ်ရှိနေပြီး မြင်းကျားတစ်ကောင်၏ ခန္ဓာကိုယ်နှင့် အလားသဏ္ဌာန်တူနေသည်။

ပခုံးပေါ်တွင် မန်ယူအသင်း၏ ရိုးရာအရောင်ဖြစ်သော အနီရောင်အစင်းကြောင်း(၃)ခုစီရှိနေပြီး ရင်ဘတ်တွင် အကျႌထုတ်လုပ်သည့် Adidas ကုမ္ပဏီ၏ Logo၊ မန်ယူအသင်း Logo နှင့် အကျႌစပွန်ဆာ Chevrolet ကုမ္ပဏီ၏ Logo တို့ ရှိနေသည်။

ယင်းအကျႌဒီဇိုင်းကို မန်ယူပရိသတ်အများအပြားမှာ အံ့အားသင့်လျက်ရှိနေပြီး မန်ယူပရိသတ်တစ်ဦးက မိမိမြင်တွေ့ ဖူးသမျှထဲတွင် အဆိုးရွားဆုံး အကျႌဒီဇိုင်းဖြစ်ကြောင်း ရေးသားခဲ့သလို၊ အချို့ကလည်း မြင်းကျားရုပ်ပြောင်များဖြင့် ခိုင်းနှိုင်းကာလှောင်ပြောင်ခဲ့ကြသည်။